Social Icons

Pages

Friday, October 12, 2018

ရွှေ ပြည်တော်ခရီးနီးကြဖို့အရေး ဤသို့တွေးမိသည်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းသား အရာရှိကြီး များအား အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်
သင်တန်း ခန်းမ၌ တွေ့ဆုံ၍ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်(၄) မြင်ဖြင့် ကျယ်ကျယ် ပြန့်ပြန့် နှိုင်းယှဉ် စဉ်းစား လေ့လာသုံးသပ်
ကြရန်လို ကြောင်း ရှင်းလင်း ပြောကြားသည်။
-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားစဉ် နိုင်ငံရေး အမြင်တွင် နိုင်ငံတကာ အရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ် နိုင်ငံဖြစ် သကဲ့သို့ အာဆီယံအဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်
ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ဘာသာမတူသည့် နိုင်ငံများ ရှိသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံကူညီ ဆောင်ရွက်ပေးမှုများ ရှိသည်မှာ ထူးခြားချက်ပင် ဖြစ်ကြောင်း၊ ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ် များကြောင့် နိုင်ငံ ပေါင်းချုပ် အသင်းကြီးနှင့် ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ကြီးပေါ်ပေါက် လာခဲ့ကြောင်း၊ ကုလသမဂ္ဂကို ကိုလိုနီပြုနိုင်ငံများ၊ နိုင်ငံငယ်များက ပိုမိုအားကိုးခဲ့ ကြကြောင်း၊ ပိုမို၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် EU, AU, တောင်အာရှ၊ အရှေ့ အာရှ၊ အာဆီယံ စသည့်ကမ္ဘာ့အဖွဲ့အစည်းများ ပေါ်ပေါက်လာကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံရေး အပြောင်းအလဲများကို လေ့လာ၍ မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့် ချိန်ထိုး လေ့လာရမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် လွတ်လပ်၍ အချုပ် အခြာ အာဏာပိုင်သည့် နိုင်ငံဖြစ်ပြီး အချုပ်အခြာ အာဏာပိုင် ဆိုင်သည့် နိုင်ငံတစ် နိုင်ငံဆို သည်မှာ အုပ်ချုပ်ခွင့် တရားဝင် ဖြစ်ခြင်း (Legitimacy of Rule) ဟု အဓိပ္ပာယ် ဖွင့်ဆိုပြီး ခြားနိုင်ငံ တစ်ခု၏ သြဇာ လွှမ်းမိုးမှုနှင့် ဝင်ရောက် စွက်ဖက်မှုကို လက်ခံရမည် ဆိုပါက အဆိုပါ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်ဆိုင် သည့်နိုင်ငံ မဟုတ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
-
ကမ္ဘာ့ သမိုင်းတွင် ကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အပြီးတွင် ဂျာမနီက မဟာမိတ် တို့အား ပေးအပ်လိုက်ရသော နယ်မြေများကို ပြန်ရလို ခြင်းကြောင့် ဒုတိယ ကမ္ဘာစစ် (၁၉၃၉-၁၉၄၅) ဖြစ်ရန် 
အကြောင်း ဖန်လာသည်။ ဒုတိယ ကမ္ဘာစစ်တွင် ခေတ်မီ လက်နက် ဆန်းများဖြင့် တိုက်ခိုက် ကြသဖြင့် ပထမ ကမ္ဘာစစ် ဖြစ်ပွား ချိန်ထက် လူ့အသက်ပေါင်း များစွာနှင့် ရုပ်ဝတ္ထု ပစ္စည်းများစွာ ပို၍ ဆုံးရှုံး ကြရသည်။ ပထမ ကမ္ဘာစစ်
ပြီးဆုံး ခြင်းသည် ဒုတိယကမ္ဘာ စစ်၏ အစဖြစ် သကဲ့သို့ ဒုတိယ ကမ္ဘာ စစ်ပြီး ဆုံးချိန်တွင် အလားတူ နောက်တစ်ကြိမ် ကမ္ဘာ စစ်ထပ်မံ မဖြစ်ပွားရန် ကြိုတင် တားဆီးရေး အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးကို ဖွဲ့စည်း တည်ထောင် ခဲ့ကြခြင်း ဖြစ်ပြီး ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပဋိညာဉ် စာတမ်း မူကြမ်းကို ၁၉၄၅ ခုနှစ် အောက်တိုဘာ၂၄ ရက်တွင် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ကိုယ်စားလှယ် များက အတည်ပြု လက်မှတ် ရေးထိုး ခဲ့ကြသည်။
-
မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အဖြစ် ပြန်လည် ရပ်တည်ခဲ့ရာမှ ၁၉၄၈ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ ကုလသမဂ္ဂ၏ ၅၈ နိုင်ငံမြောက် အဖွဲ့ ဝင်နိုင်ငံ အဖြစ် အသိ
အမှတ် ပြုထားသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားသော ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး၏ အဖွဲ့ဝင် နိုင်ငံတိုင်းသည် ပဋိညာဉ် စာတမ်းပါ အချက် အလက်များကို လိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည့် အားလျော်စွာ မြန်မာ နိုင်ငံသည် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ပဋိညာဉ် စာတမ်းပါ အချက်အလက် များကို အစဉ်တစိုက် စောင့်ထိန်း လိုက်နာလျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကိုလည်း အစဉ်တစိုက် လိုက်နာ ကျင့်သုံးနေသော နိုင်ငံ ဖြစ်သည်။ ယနေ့ အချိန်တွင် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံ ရှိပြီဖြစ်ရာ အဖွဲ့ဝင် နိုင်ငံတိုင်းက ပဋိညာဉ် စာတမ်းကို လေးစား လိုက်နာ စောင့်ထိန်းကြမည် ဆိုလျှင် ကမ္ဘာ့ပြည်သူ အပေါင်းတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အာမခံ ချက်ရှိကြမည် ဖြစ်သည်။
-
မျက်မှောက်ကာလ ကမ္ဘာ့ နိုင်ငံများသည် မိမိတို့ နိုင်ငံ၏ အချုပ်အခြာ အာဏာ ထိပါး မခံရရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးတို့ အတွက် ဒေသတွင်း နိုင်ငံများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး တို့ဖြင့် ကြိုးစား အားထုတ်
နေကြရာ မြန်မာ နိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့ တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ၏ တင်းပြည့် အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံအတွင်း လူဦးရေ စုစုပေါင်း 
သန်း ၆ဝဝ ကျော် နေထိုင် လျက်ရှိကြရာ ကိုးကွယ်သည့် ဘာသာတရားနှင့် ပြောဆိုသည့် စကား မတူကြ သကဲ့သို့ နိုင်ငံ အုပ်ချုပ် ပုံစနစ် မှာလည်း စည်းမျဉ်းခံ ဘုရင်စနစ်၊ သမ္မတစနစ် ဟူ၍ ကွဲပြားကြသည်။ ဤသို့ မတူညီ ကြသော်လည်း အာဆီယံ တစ်မြေတည်းဟူသော စိတ်ဓာတ်ဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီဆောင်ရွက် ပေးကြသည့် ထူးခြားမှု ရှိကြသည်။ အာဆီယံ အဖွဲ့ဝင် မြန်မာ နိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှ စ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတို့ ပြုပြင်ရေး လုပ်ငန်း စဉ်များကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နေကြရာ ဒေသတွင်း နိုင်ငံများ၏ ကူညီပံ့ပိုးမှုများ၊ အရှေ့အာရှ နိုင်ငံများ၏ ကူညီပံ့ပိုးမှု များဖြင့် အားဖြည့် နိုင်ခဲ့သည်မှာ ယနေ့ အထိ ဖြစ်သည်။
-
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်သည် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ မျှဖြင့် မပြည့်စုံ သကဲ့သို့ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီး လွှတ်တော်များ ပေါ်ပေါက် လာရုံမျှနှင့် လည်း ပြီးပြည့်စုံသည်
မဟုတ်ပေ။ နိုင်ငံ သားတိုင်းက ဒီမိုကရေစီ စံနှုန်းကို တန်ဖိုးထားသည့် ဒီမိုကရက်တစ် စိတ်ဓာတ် ရှိမှုနှင့် မတူကွဲပြားမှု များကို လက်ခံနားလည်၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုတို့ ရှိကြမှသာ ရွှေပြည်တော် ခရီးနီးမည်ဖြစ်
ကြောင်း ကမ္ဘာ့ နိုင်ငံများမှ ဖြစ်စဉ် ဖြစ်ရပ်များတွင် လည်းကောင်း၊ ယနေ့ မြန်မာ့ နိုင်ငံရေး အခြေအနေတွင် လည်းကောင်း တွေ့နိုင်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...