Social Icons

Pages

Tuesday, August 21, 2018

မန္တလေးမြို့ ပြည်ရန်ကျော်ဈေးဧရိယာအတွင်း ကျူးကျော်အဆောက်အအုံများကို ဖယ်ရှားရှင်းလင်း



မန္တလေး ၂၁-၈-၂ဝ၁၈

မန္တလေးမြို့ ပြည်ရန်ကျော်ဈေး ဧရိယာအတွင်း ကျူးကျော်ဆောက် လုပ်ထားသော အဆောက်အအုံများ ဖယ်ရှားရှင်းလင်းမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့် သားသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ညည (၃၆) ရှိ ပြည်ရန်ကျော်ဈေး၏ အနောက်မြောက်ဘက်တွင် ဦးစိုးဦးနှင့် ဒေါ်မြဌေးတို့ က ၂ဝ၁၆ခုနှစ် နိုဝင်ဘာ ၅ရက် နံနက်၉နာရီခန့်က အဆောက်အအုံ စတင်ဆောက်လုပ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းပြည်ရန်ကျော်ဈေး ဧရိယာအတွင်း အဆောက်အအုံ ကျူးကျော်ဆောက်လုပ် ရန်ဆောင်ရွက်မှုကို ဈေးနှင့် သားသတ်ဌာနခွဲမှူးနှင့် ဈေးတာဝန်ခံတို့က ဈေးနယ်နိမိတ်အတွင်း ကျူးကျော်ခြင်း မပြုရန် ပြောဆိုခဲ့ကြကာ သင်ပန်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင်ခေါ်ယူ၍ တားမြစ်ခဲ့သော်လည်း ကျူးကျော် အဆောက်အအုံ ဆောက်လုပ်နေသောကြောင့် စတင်ကျူးကျော် ခဲ့သည့်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ရာဇသတ်ကြီးပုဒ်မ ၄၄၇ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအပေါ် မြို့နယ်တရားရုံးမှ အဆင့်ဆင့် ကြားနာစစ်ဆေးခဲ့ပြီး ကျူးကျော်ဝင်ရောက်သူ ဦးစိုးဦးနှင့် ဦးစိုးညွန့်တို့ကို အလုပ်နှင့် ထောင်ဒဏ် နှစ်လ ချမှတ် အရေးယူခဲ့ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ-၈၉အရ ဇွန်၈ရက်တွင် ကျူးကျော် အဆောက်အအုံများကို ၁၅ ရက်အတွင်း အပြီးဖယ်ရှားပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

ထိုသို့ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ဖယ်ရှားပေးခြင်းမရှိသဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဥပဒေပုဒ်မ-၉ဝ အရ ပြည်ရန်ကျော်ဈေးတွင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဇူလိုင် ၁၁ ရက်မှ သြဂုတ် ၁ဝရက်အတွင်း နောက်ဆုံးထား၍ ကျူးကျော်ဆောက်လုပ် ထားသည့် တဲများကို ဖျက်သိမ်းဖယ်ရှားကာ ထွက်ခွာပေးရန် ဇူလိုင်၁၁ရက်တွင် နို့တစ်စာပေးပို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အထက်ပါအတိုင်း တရားစွဲဆို၍ အမိန့်ချမှတ် ပြီးဖြစ်သည့်အပြင် တရားဥပဒေနှင့်အညီ အကြောင်းကြားစာနှင့် နို့တစ်စာများ ပေးပို့အကြောင်းကြား ပြီးဖြစ်သော်လည်း ကျူးကျော်အဆောက်အအုံများ ဖျက်သိမ်းဖယ်ရှားခြင်းမရှိသောကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ-၉၁အရ တာဝန်ရှိ အဖွဲ့အစည်းများဖြစ်သည့် စည်ပင်သာယာ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဈေးနှင့် သားသတ်ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညွှန်ကြားချက်နှင့်အညီ ကျူးကျော် အဆောက်အအုံများကို ယနေ့တွင် ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...