Social Icons

Pages

Monday, July 2, 2018

တောင်သမန်အင်းအတွင်း ရေဆိုးထုတ်လွှတ်မှုကြောင့် အနံ့ဆိုးများ ထွက်နေ၍ ထိန်းသိမ်းရန် ခက်ခဲမည်ကို စိုးရိမ်



မန္တလေး ၂-၇-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း အတွင်းသို့ ရေဆိုးများ ထုတ်လွှတ်မှုမှာ လွန်ကဲမှုကြောင့် အနံ့ဆိုးများ ထွက်ရှိနေသည်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရေတိုကုစားမှုများဖြင့် ကုစားနေခြင်းသည် ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရန် ခက်ခဲသွားမည်ကို စိုးရိမ်နေကြောင်း သဘာဝစိမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

လက်ရှိတွင် တောင်သမန်အင်းမှ ထွက်ရှိသော အနံ့ဆိုးများသည် တောင်သမန် ဝန်းကျင်ရှိ ဒေသခံများသာမက အင်းပတ်လမ်းတွင် ဖြတ်သွားသည့်သူများပင် အနံ့ဆိုးများ ရရှိနေပြီး တောင်သမန်အင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း၊ အဆိုပါ အနံ့ဆိုးများကြောင့် ကျန်းမာရေး အတွက်လည်း များစွာစိုးရိမ်နေရကြောင်း သိရသည်။

"ဒီအင်းမှာ အနံ့ထွက်လာပြီ ဆိုရင် သက်ဆိုင်ရာ ဌာနအနေနဲ့က ရေသွင်းလိုက်တယ်။ သူတို့အမြင်ကတော့ ရေများလာရင် အနံ့သက်သာလာမယ်၊ ဗေဒါရှိရင် အနံ့သက်သာမယ် ဒီလိုတွေးတယ်။ ဒါတွေကရေတို ကုစားချက်တွေပါ။ ဒီလိုသာရေတို ကုစားချက်တွေနဲ့ လုပ်နေမယ်ဆိုရင် နောက်ကျရင် ဘယ်လိုမှ အဖက်ဆယ်မရအောင် ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ဖို့အတွက် မူဘောင်တစ်ခုတော့ ချပေးဖို့လိုပါတယ်"ဟု သဘာဝစိမ်းအဖွဲ့မှ ဦးဆောင်သူ ကိုမောင်မောင်ဦးက ပြောပြသည်။

ဒေသခံများအနေဖြင့် တောင်သမန်အင်းနှင့် ပတ်သက်၍ ဧရိယာသတ်မှတ်ပေးရန် တောင်းဆိုသော်လည်း လက်ရှိအချိန်ထိ ဧရိယာသတ်မှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲစသည့် ဆောင်းခိုငှက် လာရောက်ခြင်းကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ငါးမျိုးများ ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် တောင်သမန်အင်း ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်ချက်မူဘောင်များ ချပေးရန် လိုအပ်ကြောင်း သိရသည်။

တောင်သမန် အင်းအတွင်းသို့ ရေဆိုးများ လွန်စွာထုတ်လွှတ် ခြင်းကြောင့် လက်ရှိတွင် အနံ့ဆိုးများ ထွက်လျက်ရှိပြီး တောင်သမန်အင်း ရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ငါးလေလံ ဖျက်သိမ်းခြင်းမှလွဲပြီး ကျန်သည့် လုပ်ဆောင်ချက်များ ကြီးကြီးမားမား မရှိသေးကြောင်း၊ ရေရှည်ကုစားရန်အတွက် ပထမအချက် အနေဖြင့် ဧရိယာသတ်မှတ်ခြင်းနှင့် မူဘောင်ချပေးရန် လိုအပ်ကြောင်း၊ သို့မှသာ ဒေသခံများအနေဖြင့် ချမှတ်ထားသည့် မူဘောင်အတိုင်း ပူးပေါင်းပါဝင်၍ လိုက်ပါလုပ်ဆောင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...