စစ်ကိုင်း ၁၃-၆-၂ဝ၁၈
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရွှေဘိုခရိုင် ကိုးပင်ဆည်နှင့် မဟာနန္ဒာကန်၊ ပုလဲမြို့နယ် မြောက်ယမားဆည်၊ မြောက်ယမားရေကူနှင့် ကလေးမြို့နယ် ရာဇဂြိုဟ်ဆည်တို့၏ လက်ရှိရေမှတ်သည်အနီမှတ်သို့ ရောက်ရှိနေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
ရွှေဘိုခရိုင် ကိုးပင်ဆည်၏ ကန်ရေပြည့်မှတ်သည် ၄၂၅ ရှိပြီး လက်ရှိတွင် ၄၂၅ ဒသမ ၉ ဖြင့် ဒသမ ၉ ပိုနေရာ ရေပိုလွှဲမှ ရေနည်းနည်း ကျော်နေပြီဖြစ်ပြီး ကန်ရေပြည့်မှတ် ၃၇၆ ရှိသော မဟာနန္ဒာကန်တွင် လက်ရှိ၌ ၃၇၇သို့ ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ကန်ရေပြည့်အမှတ် ၄၈၇ရှိသော မြောက်ယမားဆည်တွင် လက်ရှိ၌ ၄၈၈ ဒသမ ၇ သို့ရောက်ရှိနေပြီး ကန်ရေပြည့်အမှတ် ၇၃၅ ရှိသော မြောက်ယမား ရေကူတမံတွင် လက်ရှိ၌ ၇၃၅ ဒသမ၂ဝသို့ရောက်ရှိနေကြောင်း၊ ကန်ရေပြည့်အမှတ် ၆၄ဝ ရှိသော ကလေးမြို့နယ် ရာဇဂြိုဟ်ဆည်တွင် လက်ရှိ၌ ၆၄၃ ဒသမ ၅ဝသို့ရောက်ရှိနေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နံနက် ၉ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်းက တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးရွာသွန်းခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း ဖော်ပြထားသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များ အနေဖြင့် မာန်အောင်မြို့တွင် ၈ ဒသမ ၉ဝလက်မ၊တောင်ကုတ်မြို့တွင် ၈ ဒသမ ၃၁လက်မ၊ကျောက်ဖြူမြို့တွင် ၇ ဒသမ ၃၂လက်မ၊တမူးမြို့တွင် ၆ ဒသမ ၉၇လက်မ၊ ထမံသီမြို့တွင် ၆ ဒသမ ဝ၂လက်မ၊ မြောက်ဦးမြို့တွင် ၅ ဒသမ ၉ဝ လက်မ၊ ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)တွင် ၅ ဒသမ ၇၁လက်မ၊ အမ်းမြို့တွင် ၄ ဒသမ ၈၈လက်မ၊ ရွှေကျင်မြို့တွင် ၄ ဒသမ ၇၂လက်မ၊ ခန္တီးမြို့တွင် ၄ ဒသမ ၆၄လက်မ၊ဘီးလင်းမြို့တွင် ၄ ဒသမ ၄၉လက်မ၊ မကွေးမြို့တွင် ၄ ဒသမ၂၉လက်မ၊ သံတွဲမြို့တွင် ၄ ဒသမ ၂၂လက်မ၊ ညောင်လေးပင်မြို့တွင် ၄ ဒသမ ၁၇လက်မ၊ သရက်မြို့တွင် ၄ ဒသမ ၁၃လက်မ၊ ပလက်ဝမြို့နှင့် သထုံမြို့တို့တွင် ၄ ဒသမ ဝ၂လက်မစီ၊ ကျောက်တော်မြို့တွင် ၃ ဒသမ ၉၈ လက်မ၊ အောင်လံမြို့တွင် ၃ ဒသမ ၉၄ လက်မတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ် ဇွန် ၁၁ ရက်ထိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများအရ ရေလှောင်တမံ ၁၈ ခုမှ ရေပြည့်အမှတ် ကျော်လွန်လာသဖြင့် ရေပိုလွှဲမှ ရေလျှံထွက်မှုများ ရှိနေသော်လည်း ထူးခြားအဆင့်အထိ ရေအများအပြား လျှံထွက်နေသည့် အခြေအနေလုံးဝ မရှိကြောင်းနှင့် ဆည်တမံများကို တာဝန်ရှိသူများက အချိန်ပြည့်စောင့်ကြည့်ကြပ်မတ် လျက်ရှိသကဲ့သို့ ဆည်တမံများ၏ ကြံ့ခိုင်လုံခြုံရေးနှင့် ရေပိုလွှဲ ရေဆင်းဧရိယာ တစ်လျှောက်တွင် ထိခိုက်မှုမရှိစေရေး အဆိုပါဒေသမှ တာဝန်ရှိသူများနှင့် ကြိုတင်စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment