Social Icons

Pages

Tuesday, March 20, 2018

အိန္ဒိယနိုင်ငံထုတ် ရထားစက်ခေါင်းတွဲ ၁ တွဲအား မြန်မာ့ မီးရထားသို့ လွှဲပြောင်းပေးအပ်



နေပြည်တော် ၂ဝ-၃-၂ဝ၁၈

အိန္ဒိယနိုင်ငံ၏ ချေးငွေဖြင့် ဝယ်ယူသည့် အိန္ဒိယနိုင်ငံ RITES Ltd မှထုတ်လုပ်သည့် ရထားစက်ခေါင်းတွဲ ၁၈ တွဲအား မြန်မာ့မီးရထားသို့ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဘူတာကြီး၌ ကျင်းပသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (လျှပ်စစ်နှင့်စက်မှုဌာန) ဦးမင်းအောင်က ရထားစက်ခေါင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံ RITES Ltd မှ နည်းပညာ ညွှန်ကြားရေးမှူး Mr.Mukesh Rothore က ရထားပြေးဆွဲရာတွင် ဖြည့်ဆည်း ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး ရထားစက်ခေါင်းများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းထံ လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများက ရထားစက်ခေါင်း အသစ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

မြန်မာ့မီးရထား လုပ်ငန်းအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၃၁ သန်းရရှိခဲ့ပြီး ၎င်းချေးငွေထဲမှ စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာနက စက်ခေါင်း ၁၈ ခေါင်းနှင့်
စက်ခေါင်းတွဲ အရန်ပစ္စည်းများ ဝယ်ယူရန်အတွက် ခွင့်ပြုချက်ရရှိသည် ဖြစ်၍ အိန္ဒိယနိုင်ငံထုတ် စက်ခေါင်းတွဲများကို မှာယူခဲ့ကြောင်း၊ ပထမအကြိမ်အဖြစ် ၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် စက်ခေါင်းခြောက်ခေါင်း၊ ဒုတိယအကြိမ် အဖြစ် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် စက်ခေါင်းခြောက်ခေါင်း တို့အားလက်ခံ ရရှိခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ် မတ်လတွင် နောက်ဆုံးအသုတ် အဖြစ်ရောက်ရှိလာသည့် ရထားစက်ခေါင်းတွဲ ခြောက်ခေါင်းအား လက်ခံခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါ စက်ခေါင်းများအား လွှဲပြောင်းလက်ခံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

''အိန္ဒိယနိုင်ငံ ချေးငွေနဲ့ဝယ်တဲ့ အိန္ဒိယထုတ် စက်ခေါင်း ၁၈ ခေါင်းမှာ ယခင်ခြောက်ခေါင်း နှစ်သုတ်လက်ခံခဲ့ပြီး လက်ရှိမှာလည်း အဲဒီ၁၂ ခေါင်းကအသုံးပြုနေပါပြီ။ ယခုလက်ခံတဲ့ ခြောက်ခေါင်းကိုလည်း ပြည်တွင်းဝန်ဆောင်မှု လုပ်ငန်းတွေမှာ အသုံးပြုသွားမှာပါ။ မကြာသေးမီက ဖွင့်လှစ်လိုက်တဲ့ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာ တွဲဆိုင်းအသစ်လဲလှယ် သုံးထားပါတယ်။ ၅၅ အဆန် ၅၆ အစုန်ရထား လိုင်းမှာလည်း ဒီစက်ခေါင်း အသစ်တွေကို တွဲဆိုင်း အသစ်နဲ့ရောပြီး ထည့်ဝင်ပြေးဆွဲလျက် ရှိပါတယ်။ ဒါ့အပြင် မန္တလေး-ရန်ကုန်နဲ့ မန္တလေး-မြစ်ကြီးနား ကုန်တင်ရထားတွေကို လည်းပြေးဆွဲ နေပါတယ်''ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးမင်းအောင်က ပြောသည်။

မြန်မာ့မီးရထားတွင် ရထားစက်ခေါင်း ပေါင်း ၃၉၈ ခေါင်းရှိပြီး ယင်းတို့ထဲမှ အိန္ဒိယနိုင်ငံထုတ် စက်ခေါင်း ၇၈ ခေါင်းရှိသဖြင့် အသုံးပြုမှုမှာ ၂ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယခုစက်ခေါင်းများသည် ယခင်စက်ခေါင်းများနှင့် မတူဘဲ Microcontroller based Excitation and Propulsion Control System တပ်ဆင်ထားသည့် စက်ခေါင်းများဖြစ်၍ ဝန်ချိန်နှင့် လိုအပ်သလို ထိန်းညှိမောင်းနှင်၍ ရကြောင်း၊ ထို့ပြင် Efficient ဖြစ်သည့် စနစ်များကိုလည်း တပ်ဆင် ထားသဖြင့် Pure Air Brake System ဖြစ်ကာ လေအိတ်သုံး လူစီးတွဲများအတွက် သင့်လျော်သည့် စက်ခေါင်းများ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...