Social Icons

Pages

Wednesday, January 17, 2018

မန္တလေးမြို့ ကျုံးပတ်လည်ရှိ ဟောင်းနွမ်းနေသည့် သံပန်းများအစား အဆင့်မြင့်စတီး လက်ရန်းများကို ယခုနှစ်ဇန်နဝါရီလအတွင်း စတင်ပြောင်းလဲ တပ်ဆင်သွားမည်



မန္တလေး ၁၇-၁-၂ဝ၁၈

မန္တလေးမြို့ ကျုံးပတ်လည်ရှိ ဟောင်းနွမ်းနေသည့် သံပန်းများအစား အဆင့်မြင့် စတီးလက်ရန်းများကို ယခုနှစ်ဇန်နဝါရီလအတွင်း ပြောင်းလဲ တပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် အထင်ကရနေရာ အမြောက်အမြား ရှိသည့်အနက် နန်းမြို့ရိုးနှင့် ကျုံးမှာလည်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားလာရောက် လည်ပတ်လျက်ရှိသည့် နေရာတစ်နေရာ ဖြစ်ကြောင်း၊ ခရီးသွားများ စိတ်ဝင်စားမှု ရှိသည့်ကျုံးပတ်လည်ရှိ ကာရံထားသော သံပန်းများမှာ နေဒဏ်၊မိုးဒဏ်တို့ကြောင့် ဟောင်းနွမ်းဆွေးမြည့်မှု များရှိနေသည့်အတွက် ၎င်းသံပန်းများအစား စတီးလက်ရန်းများကို ယခု ဇန်နဝါရီလအတွင်း ပြောင်းလဲ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ကျုံးပတ်လည်ရှိ ဟောင်းနွမ်းနေသည့် သံပန်းများအစား စတီးလက်ရန်းများ တပ်ဆင်သွားမည် ဖြစ်သော်လည်း ယခုလက်ရှိတပ်ဆင်မည့် စတီးလက်ရန်းများကို ဒီဇိုင်းရွေးချယ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဒီဇိုင်းရွေးချယ်မှုများ ပြုလုပ်ပြီးပါက ပြောင်းလဲတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၏ ရှေးဟောင်း အမွေအနှစ်ဖြစ်သည့် ကျုံးပတ်လည်တွင် သံပန်းအစား စတီးလက်ရန်းများ ပြောင်းလဲတပ်ဆင်ရာတွင် ယခုဘဏ္ဍာနှစ်အတွင်း ကျုံး၏တောင်ဘက် တစ်လျှောက်၌ စတီးလက်ရန်းများ စတင်တပ်ဆင်သွားမည်ဖြစ်သည့်အပြင် လာမည့်ဘဏ္ဍာနှစ်အတွင်း၌ ကျန်ရှိသည့် ကျုံးမြောက်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင် တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ကျုံးပတ်လည်ကို အခုကာရံထားတဲ့ သံပန်းတွေအစား စတီးလက်ရန်းတွေနဲ့ အဆင့်မြှင့်တင် တာဟာ မန္တလေးမြို့ကိုလာလည်တဲ့ ဥရောပနိုင်ငံသား တွေအပြင် အရှေ့တောင်အာရှ နိုင်ငံသားတွေပါ မြို့ရဲ့ အဆင့်အတန်းမြင့် မားမှုကို ချပြချင်လို့ပါ။ ပြီးတော့ မန္တလေးမြို့ရဲ့ ပြယုဂ်လဲဖြစ်တဲ့ ကျုံးနဲ့နန်းမြို့ရိုးတစ်လျှောက် သာယာလှပစေချင် တာကြောင့် လုံခြုံစိတ်ချရမှုရှိတဲ့ စတီးလက်ရန်းတွေကို တပ်ဆင်သွားမှာပါ'ဟု ၎င်းကဆက်လက် ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...