Social Icons

Pages

Wednesday, January 17, 2018

စစ်ကိုင်းမြို့တွင် ဖျက်သိမ်းပေးခြင်းမရှိသည့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်ခန်းများကို လေလံတင်၍ ဖျက်သိမ်းသွားမည်ဟုဆို



စစ်ကိုင်း ၁၇-၁-၂ဝ၁၈

စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်၊ ရတနာစေတီဆင်များရှင် စေတီတော်ဘုရားဝင်း အတွင်းရှိ လာရောက်ဖျက်သိမ်းခြင်း မရှိသည့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဆိုင်ခန်းများကို လေလံတင် ရောင်းချ၍ ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ရတနာ စေတီဆင်များရှင် စေတီတော်ကြီးအား အကြီးစားဘက်စုံပြုပြင် မွမ်းမံမှုများ ပြုလုပ်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်သဖြင့် ဘုရားဝင်းအတွင်းရှိ ဖွင့်လှစ်ရောင်းချခြင်း မရှိတော့သည့် ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်ခန်းများမှာ လုံခြုံရေး၊ မီးဘေးအန္တရာယ်နှင့် မလိုလားအပ်သော ကိစ္စရပ်များ အချိန်အခါ မရွေးကြုံတွေ့လာနိုင်သည့်အတွက် ၎င်းဆိုင်ခန်းများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား၍ ဆိုင်ခန်းပိုင်ရှင်များ လာရောက် ဖျက်သိမ်းပေးရန်နှင့် ဖျက်သိမ်းမပေးပါက ဘုရားဂေါပကအဖွဲ့က ကန်ထရိုက်စနစ်ဖြင့် လေလံတင်ရောင်းချ၍ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ သော်လည်း ဆိုင်ခန်း ၁၈ခန်းသာ ဖျက်သိမ်းပေးသောကြောင့် လာရောက်ဖျက်သိမ်းပေးခြင်း မရှိသည့် ကျန်ရှိဆိုင်ခန်းများကို လေလံတင်ရောင်းချ၍ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် လာရောက်ဖျက်သိမ်း ပေးခြင်းမရှိသည့် ကျန်ရှိဆိုင်ခန်းများကို လေလံတင်ရောင်းချ၍ ဖျက်သိမ်းရန်အတွက် ယခုလ ၁၃ ရက်မှစတင်၍ လေလံလျှောက်လွှာများကို စတင်ရောင်းချ နေပြီဖြစ်ပြီး လျှောက်လွှာဝယ်ယူသူများအနေဖြင့် လေလံလျှောက်လွှာများကို ယခုလ ၂၁ရက် နောက်ဆုံးထား၍ တင်ရမည်ဖြစ်ကာ လေလံတင်ရောင်းချပွဲကို ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီတွင် ရတနာစေတီဆင်များရှင် ဘုရားဂေါပကအဖွဲ့ရုံးခန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးအောင်မောင်းက ပြောပြ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...