Social Icons

Pages

Thursday, January 18, 2018

မန္တလေးမြို့သာစက်မှု ဥယျာဉ်တည်ဆောက်ရေး စီမံကိန်းတွင် ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၅ဝဝခန့်ထိရှိလာ



မန္တလေး ၁၈-၁-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အတွင်းရှိ မန္တလေး မြို့သာစက်မှုဥယျာဉ် တည်ဆောက်ရေး စီမံကိန်း ဧရိယာအတွင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များက စက်ရုံများ တည်ဆောက်၍ လုပ်ငန်းများဆောင်ရွက်
နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာသန်း ၅ဝဝခန့်ထိရှိလာပြီ ဖြစ်ကြောင်း အဆိုပါစက်မှုဥယျာဉ် တည်ဆောက်ရေးစီမံကိန်း မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းအောင်က ပြောပြ၍ သိရသည်။

၎င်းစီမံကိန်းဧရိယာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဒေါ်လာသန်း ၅ဝဝ ခန့်ရှိသည့်အနက် ဇန်နဝါရီ ၁၆ရက်က စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်သည့် မန္တလေး-ပေါင်ဆန်း-မြို့သာအင်ဒက်စရီရယ် ဒက်ဗလော့ မန့်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း ၃၉ဝ ပါဝင်ကြောင်း၊ ယခင်လည်ပတ်နေသည့် စက်ရုံများမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၈ဝ ကျော်ရှိကြောင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင်ကြောင်းသိရသည်။

"၁ဝဝ ရာခိုင်နှုန်း ပြည်ပက ရင်းနှီးမြှုပ်နှံတာရှိသလို ပြည်တွင်းနဲ့လဲ ဖက်စပ်ရင်းနှီးမြှုပ်နှံ တာတွေရှိပါတယ်။ တည်ဆောက်ဆဲနဲ့ လည်ပတ်နေတဲ့ စက်ရုံပေါင်း ခုနစ်ခုရှိပါတယ်။ ဇန်နဝါရီ ၁၆ရက်မှာ စီမံကိန်းလုပ်ငန်းတွေ စတင် လုပ်ဆောင်တဲ့ မန္တလေး-ပေါင်ဆန်း-မြို့သာစက်ရုံ စီမံကိန်းနဲ့ဆိုရင် စီမံကိန်းကုမ္ပဏီပေါင်း ရှစ်ခုရှိသွားပါပြီ။ ဒါ့ပြင် လက်ရှိကျွန်တော်တို့ဆီမှာ မြေဧက ၂ဝ လောက်ယူထားပြီး ဒီဇိုင်းရေးဆွဲနေတဲ့ တခြားစက်ရုံ နှစ်ရုံ၊သုံးရုံရှိပါတယ်။ အဲ့ဒီစက်ရုံတွေက မော်တော်ကား တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး လာမယ့် မတ်၊ ဧပြီလလောက်မှာ တည်ဆောက်ရေးလုပ်ငန်း စတင်မှာပါ။ နောက်တစ်ခုက အမှိုက်ကနေ အခြားပစ္စည်းတွေ ပြန်ထုတ်လုပ်မယ့်စက်ရုံတွေပါ။ ဂျပန်နိုင်ငံကလာပြီး ရင်းနှီးမြှုပ်နှံမှာပါ။ ဒီဇိုင်းရေးဆွဲနေတဲ့ အဆင့်ရှိနေပါပြီ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေး-မြို့သာ စက်မှုဥယျာဉ်တွင် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ဆဲနှင့် လုပ်ငန်းလည်ပတ်နေသည့် စက်ရုံများအနေဖြင့် နယ်သာလန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် တရိစ္ဆာန်အစာစပ်စက်ရုံများ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်းမှ ဖက်စပ်ရင်းနှီးမြှုပ်နှံသည့် ကွန်ကရစ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ယူနန်ပြည်နယ်နှင့် ပြည်တွင်းဖက်စပ်လုပ်ကိုင်သည့် ဘီစကွတ်စက်ရုံ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ပြည်တွင်းဖက်စပ်လုပ်ကိုင်သည့် အထပ်သားထုတ်လုပ်သည့် စက်ရုံ စသည်တို့ဖြစ်ကြပြီး မန္တလေး-ပေါင်ဆန်း-မြို့သာ အင်ဒက်စရီရယ် ဒက်ဗလော့မန့်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံသော စက်ရုံစီမံကိန်းတွင် ဦးထုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အီလက်ထရောနစ်ပစ္စည်းများနှင့်သေတ္တာထုတ်လုပ်သည့် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...