Social Icons

Pages

Thursday, December 14, 2017

မန္တလေး-ပြင်ဦးလွင် လေးလမ်းသွား လမ်းမကြီးတိုးချဲ့ ဖောက်လုပ်မှု ၂ဝ၁၈ ခုနှစ်မတ်လတွင် အပြီးဖောက်လုပ်မည်



မန္တလေး ၁၄-၁၂-၂၀၁၇

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းကို ယာဉ်သွားလာမှု များလာခြင်းကြောင့် လေးလမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် လျက်ရှိရာ ၂ဝ၁၈ ခုနှစ် မတ်လတွင် ပြီးစီးအောင် ဖောက်လုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပြသည်။

ယခုအခါ မန္တလေး-မူဆယ်လမ်းမကြီးကို နေ့စဉ်ကားအစီးရေ ပျမ်းမျှအားဖြင့် ၈ဝဝဝ ခန့် ဖြတ်သန်းနေပြီး မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းကို ၎င်းမော်တော်ယာဉ်များ အားလုံး ဖြတ်သန်း သွားလာနေရကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

"မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းက အခုနောက်ပိုင်း ခရီးသွားတွေ များလာပါတယ်။ လားရှိုးဘက်သွားတဲ့ တွဲကား၊ ကုန်ကားတွေလဲရှိတော့ ယာဉ်ကြော ကျပ်တည်းမှုတွေက အမြဲတမ်းလို ဖြစ်နေတာဆိုတော့ အခုလို လမ်းတိုးချဲ့ ဖောက်လုပ်တာ အကောင်းဆုံးပါပဲ" ဟု မန္တလေး-မူဆယ် အဝေးပြေးကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပြသည်။

"မန္တလေးကနေ မူဆယ်ကို သွားနေတဲ့ အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းထဲမှာလဲ ပါနေတယ်။ လမ်းပန်းဆက်သွယ်ရေး တွေကောင်းမွန်မှ အားလုံးအဆင်ပြေမယ်။ နောက် ဒီလမ်းပိုင်းမှာ ကုန်စည်စီးဆင်းမှု အတွက် သယ်ယူပို့ဆောင်ရေး ကားအစီးရေ အများဆုံး ဖြတ်သန်းနေတဲ့ လမ်းဖြစ်တဲ့အတွက် တိုးချဲ့ရတာပါ။ ဒီလမ်းက BOT စနစ်နဲ့ ပေးထားတာဆိုတော့ အဲဒီကုမ္ပဏီကိုပဲ လမ်းချဲ့ဖို့အစိုးရအဖွဲ့က ညွှန်ကြားခဲ့တာပါ"ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောပြသည်။

အဆိုပါလမ်းပိုင်းကို Oriental Highway ဆောက်လုပ်ရေး ကုမ္ပဏီအား BOT စနစ်ဖြင့် ချထားပေးခဲ့ရာ လမ်းတိုးချဲ့ခြင်း လုပ်ငန်းကိုလည်း ယင်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး နေ့စဉ်တိုးတက် များပြားလာသည့် ကားအစီးရေနှင့်အညီ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းသည် ၄၂ မိုင်ရှည်လျားပြီး မန္တလေးမှ မူဆယ်သို့ တိုက်ရိုက်သွားရောက် နိုင်သည့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွင် ပါဝင်နေရာ ခရီးသွားရာသီချိန်နှင့် ပွဲတော်ရာသီချိန်များ၌ လမ်းအသုံးပြုမှု ပို၍များပြားကာ ယာဉ်ကြောကျပ်တည်းမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုအခါ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းသည် နှစ်လမ်းသွား အကျယ်အတက်လမ်း၊ အဆင်းလမ်းရှိပြီး လေးလမ်းသွား အဖြစ်တိုးချဲ့ ဖောက်လုပ်ခြင်းကို ယခုနှစ် နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၈ခုနှစ် မတ်လတွင် အပြီးဖောက်လုပ် သွားမည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...