Social Icons

Pages

Thursday, August 10, 2017

ငပုတောမြို့နယ်တွင် တောဆင်ရိုင်း နှစ်ကောင် အသတ်ခံရမှုမှ သံသယရှိသူ ကိုးဦးကို ဆက်တိုက်ဖမ်းဆီး



ငပုတော ၁၀-၈-၂၀၁၇

ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်း ကျေးရွာအုပ်စုရှိ မြစ်တရာသစ်တော ကြိုးဝိုင်းအတွင်း အဆိပ်မြားဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆင်နှစ်ကောင် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အနီးအနား ကျေးရွာများရှိ သံသယရှိသူ ကိုးဦးကို သြဂုတ် ၇ ရက်မှ စတင်ကာ ဆက်တိုက်လိုက်လံ ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သေဆုံးခဲ့သည့် ဆင်များမှာ အသက် ၂၆ နှစ်အရွယ်နှင့် အသက်လေးနှစ်အရွယ် ဆင်အမများဖြစ်ပြီး နှစ်ကောင်စလုံးကို အလျား ၁၆ လက်မရှည်လျားသည့် သံမြားရွက်တပ်ထားသည့် အဆိပ်လူးမြား တစ်ချောင်းစီဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ် သည့်အတွက် ရဲတပ်ဖွဲ့မှ သတ်ဖြတ်သူများ ခိုအောင်းသွားလာ နိုင်မည့် နေရာများကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဆင်သတ်ရာတွင် အသုံးပြုသည့် လက်နက်များ၊ အဆိပ်များ ထားရှိသူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖမ်းဆီးခံထား ရသူများမှာ ငပုတောမြို့နယ် မဲခရဲသစ်တော ကြိုးဝိုင်းနှင့် ဆင်မသစ်တော ကြိုးဝိုင်းအတွင်း နေထိုင်သည့် အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ထိ အမျိုးသားများ ဖြစ်ကြပြီး ၎င်းတို့နေအိမ်တဲများ အတွင်းမှ ဒူးလေး၊ အဆိပ်လူထားသည့် ဝါးမြားတံများ၊ မြားတံထည့်သည့် ဘူးများ၊ အဆိပ်ရည်များ၊ အဆိပ်ခြင်တွယ်ရာတွင် အသုံးပြုသည့် ပင်နီဆလင် ပုလင်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း များအရ သိရသည်။

ယခုနှစ်အတွင်း ဧရာဝတီတိုင်း ဒေသကြီး၌ ဆင်သတ်မုဆိုးများက အဆိပ်လူးမြားဖြင့် ပစ်ခတ်မှုကြောင့် တောဆင်ရိုင်း ၁ဝ ကောင်ထိသေဆုံး ခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...