Social Icons

Pages

Wednesday, July 26, 2017

တစ်နာရီလျှင် ရေဂါလန်နှစ်သန်း စွန့်ထုတ်နိုင်မည့် အမှတ် (၂) ရေဆိုးထုတ် စက်ရုံဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ



မန္တလေး ၂၆-၇-၂၀၁၇

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်သည့် MBCCD ကုမ္ပဏီက အဆင့်မြှင့်တင် လှူဒါန်းသော တစ်နာရီလျှင် ရေဂါလန်နှစ်သန်း စွန့်ထုတ်နိုင်မည့် အမှတ်(၂)ရေဆိုးထုတ်စက်ရုံဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီမိနစ် ၃ဝက မန္တလေး အမရပူရမြို့နယ် ငယ်တိုးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရေဆိုးထုတ်စက်ရုံကို အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် မန္တလေးမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကိုဆောင်ရွက်၍ MBCCD ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်ရှိတဲ့ စက်ရုံနဲ့ရေဆိုး စွန့်ထုတ်မှုက မနိုင်ဘူး။ ပြည်သူလူထုကလဲ ရေလျှံရင် အစိုးရကို အပြစ်တင်ကြတယ်။ ဒါလဲပြည်သူလူထု အပြစ်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီကနေ အခွန်ကောက် ထားတာဖြစ်တယ်။ဒီအခွန်ကောက် ထားတာနဲ့ မြို့ပြသန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန် ရေးတွေ လုပ်ရပါတယ်။ လုပ်ရတာတွေမှာလဲ အခက်အခဲတွေရှိပါတယ်။ အခုလှူဒါန်းတာကလဲ ပြည်သူလူထု အကျိုးအတွက်ဖြစ်လို့ ကျေးဇူးလဲတင်ပါတယ် ''ဟု မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောပြသည်။

၎င်းရေဆိုးထုတ်စက်ရုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ယခုနှစ် ဖေဖော်ဝါရီ ၂၆ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး မူလက တစ်နာရီလျှင် ရေဂါလန် ကိုးသိန်းစွန့်ထုတ် ခဲ့ရာမှ ယခုအခါ တစ်နာရီလျှင် ရေဂါလန်နှစ်သန်းထိ တိုးချဲ့စွန့်ထုတ်နိုင်ပြီဖြစ်ကြောင်း MBCCD ကုမ္ပဏီမှ ဥက္ကဋ္ဌဦးမောင်ဝိတ်က ပြောပြ၍ သိရသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...