Social Icons

Pages

Wednesday, July 26, 2017

မင်းဘူးမြို့နယ် ငွေသောင်ကျွန်းကျေးရွာမှ အိမ်ထောင်စု ၇ဝ ဧရာဝတီမြစ်ရေ ကြီးမှုကြောင့်နေထိုင်စရာ အခက်အခဲများ ကြုံတွေ့နေ



မင်းဘူး ၂၆-၇-၂၀၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ အုပ်စု၊ ငွေသောင်ကျွန်း ကျေးရွာမှ အိမ်ထောင်စု ၇ဝမှာ ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် နေထိုင်စရာ နေရာပျောက်ကာ လှေပေါ်တွင် ရွှေ့ပြောင်း နေထိုင်ကြရပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ငွေသောင်ကျွန်း ကျေးရွာနေ ဒေသခံများထံမှ သိရသည်။

''ငွေသောင်ကျွန်းရွာဆိုတာ ဧရာဝတီမြစ် လယ်သောင်မှာ ရေလုပ်သား မိသားစုတွေ စုပေါင်းနေထိုင်ကြတဲ့ ရွာလေးပါ။ အိမ်ထောင်စုပေါင်း ၇ဝလောက် ရှိပါတယ်။ မြစ်ရေတက်ပြီး သောင်ခုံတွေ ရေမြုပ်တဲ့အတွက် နန်းတော်ကုန်းကျေးရွာ ဘက်က ယာခင်းတွေမှာ သီးစားခ ငွေကျပ် ၅ဝဝဝပေးပြီး နေရပါတယ်။ မိုးတွင်းကာလ နှမ်းစိုက်ဖို့အတွက် ယာမြေထဲက နေအိမ်တွေ ဖယ်ပေးရတော့ နေစရာမြေနေရာ မရှိတဲ့အတွက် လှေပေါ်မှာအိပ်၊ လှေပေါ်မှာစား၊ လှေပေါ်မှာနေရတဲ့ ဘဝတွေပါ။ အခုလိုမိုးတွင်းကာလ ငါးရစ်၊ ငါးသန်ကာလမှာ ငါးမဖမ်းရ အမိန့်ထုတ်ထား တာဆိုတော့ ကျွန်တော်တို့ မိသားစုတွေရဲ့ ဘဝတွေ အခက်အခဲဖြစ် နေရပါတယ်''ဟု မင်းဘူးမြို့နယ်နန်းတော်ကုန်းကျေးရွာအုပ်စု ငွေသောင်ကျွန်းကျေးရွာနေ ရေလုပ်သားတစ်ဦးက ပြောပြသည်။

မင်းဘူးမြို့နယ်အတွင်းရှိ နန်းတော်ကုန်းကျေးရွာ အုပ်စုအပါ အဝင် ကျေးရွာ ၁၂ရွာ၏ အခြေခံ အချက်အလက်များကို ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လူမှုအဖွဲ့အစည်း (AWDO) က စာရင်းကောက်ယူနေကြောင်း၊ ကျေးရွာများတွင် ကျောင်း၊ ဆေးပေးခန်း၊ အလုပ်အကိုင်၊ ကျေးရွာ၏သမိုင်း၊ ဒေသခံများ၏ ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေပုံစံ-၇ ရ၊ မရနှင့် ကျေးရွာအတွင်း လိုအပ်ချက်များကို တစ်ရွာလျှင်စာအုပ် တစ်အုပ်စီပြုစု၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ပြီး လိုအပ်ချက်များကို သိရှိရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း AWDO တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောပြ၍ သိရသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...