Social Icons

Pages

Thursday, July 20, 2017

စေတနာရှင် အလှူရှင်များက လှူဒါန်းထားသည့် လှူဒါန်းငွေများအား ကျန်ရစ်သူ မိသားစုဝင် အမွေခံများသို့ လွှဲပြောင်းပေးအပ်


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး စေတနာရှင်အလှူရှင်များ၏ လှူဒါန်း ငွေများကို ကျန်ရစ်သူမိသားစုများအား လွှဲပြောင်းပေးအပ်စဉ်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး အခမ်းအနားတက်ရောက်လာကြသည့် ကျန်ရစ်သူမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားစဉ်။

နေပြည်တော် ၂၀-၇-၂၀၁၇

ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူ ပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသော လေယာဉ်အမှုထမ်းများ၊ အရာရှိ၊စစ်သည်၊ မိသားစုများအတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများအား သက်ဆိုင်ရာ ကျန်ရစ်သူ မိသားစုဝင် အမွေခံများထံသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံ၊ တပ်မတော်အရာရှိကြီးများနှင့် ကျန်ရစ်သူမိသားစုဝင်အမွေခံများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျခဲ့မှုသည် တပ်မတော်အတွက်သာမက နိုင်ငံတော်အတွက်ပါ ကြီးမားသည့် မတော်တဆဆုံးရှုံးမှုဖြစ်ကြောင်း၊ ဆိုးရွားသည့်ရာသီဥတုကြောင့် လေယာဉ်ပျက်ကျရသည်ကိုလည်း စိစစ်ဖေါ်ထုတ်သိရှိရကြောင်း၊ ကျန်ရစ်သူမိသားစုများအတွက် တပ်မတော်အနေဖြင့် အကောင်းဆုံး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ထက်သန်သောသဒ္ဒါတရားဖြင့် လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းလှူဒါန်းငွေများကို သက်ဆိုင်ရာအမွေခံများထံသို့ စနစ်တကျ စိစစ်ဆောင်ရွက်ပြီး လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မိမိတို့၏အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းကူညီ လုပ်ဆောင်ပေးခဲ့သောဒေသခံပြည်သူများနှင့် လှူဒါန်းငွေများပေးအပ်ခဲ့ကြသော စေတနာရှင်အလှူရှင်များအား တပ်မတော်အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စစ်ရေးချုပ်က တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူမိသားစုများအား လှူဒါန်းငွေများအား လွှဲပြောင်းပေးအပ် သည်။ အခမ်းအနားအပြီးတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တပ်မတော်အရာရှိကြီးများသည် အခမ်းအနား တက်ရောက်လာကြသည့် ကျန်ရစ်သူမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သည့် လှူဒါန်းငွေများလွှဲပြောင်းပေးအပ်ပွဲတွင် ပျက်ကျ လေယာဉ်ဖြင့်ပါရှိသွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် လေယာဉ်ဆယ်ယူရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ဦးစောနောင်အပါအ၀င် အသက်ဆုံးရှုံးရသူ ၁၇ ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၂၀၅၈၅၀၀၀ ကျပ်ဖြင့် ကျန်ရစ်သူ မိသားစုဝင်အမွေခံများအား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကျန်ရှိသည့် အသက်ဆုံးရှုံးရသူများ၏ အမွေခံများကိုလည်း ဇူလိုင် ၂၀ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ အခမ်းအနားဖြင့် ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။ ယခုပေးအပ်သည့် လှူဒါန်းငွေများသည် ဇူလိုင် ၁၇ ရက်နေ့အထိ အလှူရှင်များမှ ပေးအပ်လှူဒါန်းထားသည့်ငွေများဖြစ်ပြီး လှူဒါန်းငွေများ ထပ်မံရရှိပါက ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...