Social Icons

Pages

Thursday, June 22, 2017

မန္တလေး-ပုဂံလမ်းပိုင်း မီးရထားများကို အချိန်ပြောင်းလဲပြေးဆွဲမည်



မန္တလေး ၂၂-၆-၂၀၁၇

မန္တလေး-ပုဂံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော မီးရထားများကို စက်ခေါင်းနှင့် တွဲဆိုင်းများ စစ်ဆေးပြုပြင်ချိန် လုံလောက်မှုရှိစေရန် ဇူလိုင် ၁ရက်မှစတင်၍ အချိန်ပြောင်းလဲ ပြေးဆွဲသွားမည် ဖြစ်ကြောင်း မန္တလေးဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ထိုသို့ ပြောင်းလဲပြေးဆွဲရာတွင် အမှတ် (၁၁၈) အစုန်ရထားအနေဖြင့် မန္တလေးမှ နံနက် ၇နာရီမိနစ် ၂ဝထွက်ခွာပြီး ပုဂံသို့ ဆိုက်ရောက်ချိန် ညနေ ၆နာရီ၄၅မိနစ် အစား နံနက် ၇နာရီထွက်ခွာပြီးညနေ ၆နာရီ ၅မိနစ် ဆိုက်ရောက်ချိန်အဖြစ်သို့လည်းကောင်း၊ အမှတ် (၂ဝဝ) အစုန်ရထားအနေဖြင့် မန္တလေးမှ ည ၇နာရီထွက်ခွာပြီး ပုဂံသို့ ဆိုက်ရောက်ချိန် နံနက် ၄ နာရီမိနစ် ၅ဝ အစား ည ၈နာရီ ထွက်ခွာပြီး နံနက် ၄နာရီ ၅မိနစ် ဆိုက်ရောက်ချိန် အဖြစ်သို့ လည်းကောင်း ပြောင်းလဲပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ် (၁၁၇) အဆန် ရထားအနေဖြင့် ပုဂံမှ နံနက် ၄နာရီထွက်ခွာပြီး မန္တလေးသို့ ဆိုက်ရောက်ချိန် ညနေ ၃နာရီ၅၅မိနစ် အစား နံနက် ၄နာရီ ၁၅မိနစ် ထွက်ခွာပြီး မွန်းလွဲ ၂နာရီ မိနစ်၎ဝဆိုက်ရောက်ချိန်အဖြစ်သို့လည်းကောင်း၊ အမှတ်(၁၁၉)အဆန်ရထားအနေဖြင့် ပုဂံမှ ည ၇နာရီထွက်ခွာပြီး မန္တလေးသို့ ဆိုက်ရောက်ချိန် နံနက် ၄နာရီ မိနစ် ၃ဝအစား ည ၇နာရီ ထွက်ခွာပြီး နံနက် ၃နာရီ ဆိုက်ရောက်ချိန် အဖြစ်သို့လည်းကောင်း ပြောင်းလဲပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိ ပြောင်းလဲထားတဲ့ အချိန်စာရင်းတွေကတော့ ဇူလိုင်လ စစချင်းပြေးဆွဲမှာပါ။ ဒီလိုအချိန်ပြင်ဆင်လိုက် တဲ့အတွက် စက်ခေါင်းအင်ဂျင်ကို လုံလုံလောက်လောက် အနားပေးနိုင်ပြီး စက်ခေါင်းနဲ့ တွဲဆိုင်းတွေကို ပြင်ဆင်ချိန် ပိုမိုရရှိပါတယ်''ဟု မန္တလေးဘူတာကြီးမှ ရုံပိုင်ကြီးဦးငြိမ်းမောင်က ပြောပြသည်။

မန္တလေးဘူတာကြီးမှ နေ့စဉ်ရန်ကုန်၊ မြစ်ကြီးနား၊ မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ မြင်းခြံ၊ လားရှိုး၊ မတ္တရာစသည့် မြို့များနှင့်ပုဂံတို့သို့ ပြေးဆွဲလျက်ရှိပြီး လက်မှတ်ခနှင့် ကုန်စည်ခ သယ်ဆောင်ခြင်းလုပ်ငန်းများမှာ တစ်နေ့ရရှိငွေကျပ် သိန်း၁၅ဝ နှင့်ငွေကျပ်သိန်း ၂ဝဝခန့်ကြား ရရှိနေပြီး နေ့စဉ် ခရီးသွားဦးရေ ၅ဝဝဝခန့် ဝင်ရောက်ထွက်ခွာ နေကြောင်း သိရသည်။

မန္တလေး-ပုဂံလမ်းပိုင်းသည် မိုင် ၁၂ဝခန့် ရှည်လျားပြီး ကြားဘူတာပေါင်း ၄၂ခုရှိကာ လက်မှတ်ခ နှုန်းထားအနေဖြင့် အထက်တန်း တစ်စောင်လျှင် ငွေကျပ်၂၉ဝဝနှင့် ရိုးရိုးတန်းတစ်စောင်လျှင် ငွေကျပ် ၁၈ဝဝဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...