လားရှိုး ၊ ၂၁-၂-၂၀၁၇
လားရှိုးမြို့၏ အဓိက ရေအရင်းအမြစ် ဖြစ်သော ဟူးမွန်၊ ကောက်ကွေ့ နှင့် နမ့်ကျန်ဆည် တို့တွင် ဆည်ရေ လက်ကျန်များ များပြားနေ၍ လာမည့် နွေဥတုအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်မှု ရှိသော်လည်း ရေစုကန်ထက် မြင့်သော နေရာများတွင် ရေအခက်အခဲ ရှိနိုင်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင် က ပြောပြသည်။
''ကျွန်တော်တို့ အနေနဲ့လာမယ့် နွေဥတုမှာ အရင်နှစ် တွေထက် ရေပေးဝေမှုကို သေချာဆောင်ရွက် ထားပါတယ်။ ဆည်ရေလက်ကျန်က များတယ်ဆိုတော့ နွေအတွက် ရေဖူလုံပါတယ်။ တစ်ခုရှိတာက မြို့မှာ ရေအခက်အခဲ ဖြစ်တဲ့နေရာ တွေရှိတယ်။ အဲ့ဒီနေရာတွေ အတွက်ကတော့ မိုးရော၊ နွေရော သောက်သုံးရေ အခက်အခဲ ဖြစ်နေအုံးမှာပါ။ ဘာလို့လဲ ဆိုတော့ မြို့ရဲ့ အနေအထားက ကုန်းတွေအနိမ့် ၊ အမြင့်တွေကြောင့် ကျွန်တော်တို့ ရေစုကန်ထက် မြင့်တဲ့နေရာတွေ ဟာ သောက်သုံးရေ အခက်အခဲ တော့ရှိနိုင်ပါတယ်။ ကျန်တဲ့နေရာ တွေမှာ အခက်အခဲ ဖြစ်တယ်ဆိုရင်တော့ ပေးနေတဲ့ ပိုက်တွေရဲ့ ချို့ယွင်းချက် ကြောင့်ပဲ ဖြစ်နိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။
ဆည်ရေလက်ကျန် များအနေဖြင့် ဟူးမွန်ဆည်၌ လက်ရှိရေ အနက်တွင် သိုလှောင်ထား နိုင်မှုသည် ၉၄၆ ဒသမ ၁ ဧကပေ၊ ကောက်ကွေ့ဆည် တွင် ၃၇၉၈ ဧကပေနှင့် နမ့်ကျန်ဆည် တို့တွင် ၃၁၂ ဒသမ ၄ ဧကပေတို့ ဖြစ်သည်။
အဆိုပါဆည် များမှ လားရှိုးမြို့နယ် စိုက်ပျိုးရေ များနှင့် မြို့သောက်သုံးရေ အတွက် ရေပေးဝေရာတွင် တစ်ရက်လျှင် သုည ဒသမ ၂ ပေနှင့် တစ်လလျှင် ခြောက်ပေထိသာ အသီးသီး ကျဆင်းပြီး လာမည့် မိုးမကျမီ အချိန်ထိ ပေ ၃ဝ ထိသာ ကျဆင်းလျော့နည်း နိုင်သည့်အတွက် လက်ရှိ ရေသိုလှောင် ထားမှုအခြေအနေ များနှင့် နှိုင်းယှဉ်ပါက ဆည်ရေ လက်ကျန်များသည် များစွာဖူလုံ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)
#Yadanarpondaily
No comments:
Post a Comment