Pages

Sunday, January 22, 2017

HIV ပိုးကူးစက်ခံ ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး


HIV ပိုးကူးစက်ခံ ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး

ဒေါက်တာ လွှမ်းမိုးဟန်

Indian HIV-positive children play at the Gan Sabra
non-governmental organisation in Aizawl
ယနေ့ ကမ္ဘာပေါ်မှာ HIV ပိုးကူးစက်ခံ ထားရသည့် ကလေးငယ်ပေါင်း ၃ ဒသမ ၄ သန်းရှိလိမ့်မည် ဟု ခန့်မှန်းထား ကြသည်။ ထိုကလေးငယ် များ၏ ၉ဝ ရာခိုင်နှုန်းက အာဖရိကတိုက်မှာ ရှိနေကြသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော် ၂ဝဝဝ ပြည့်လွန်နှစ် များဆီကတော့ HIV ပိုးကူးစက်ခံထား ရသည့် မွေးကင်းစ ကလေးငယ်များ အဖို့ သေခြင်းတရားနှင့် အလျင်အမြန် ရင်ဆိုင်သွား ခဲ့ကြရတာပါ။ အခုနောက်ပိုင်း မှာတော့ HIV ပိုးထိန်းချုပ်ဆေး (ART) တွေကို HIV ပိုးရှိနေသူ မွေးကင်းစ ကလေးငယ်များမှာ တိုက်ကျွေး လာနိုင်ခြင်းကြောင့် ကလေးကြီးပိုင်း အရွယ်မှသည် ကြီးကောင်ဝင် လာသည်အထိ၊ ထိုမှတစ်ဖန် အရွယ်ရောက် လာသည်အထိ အသက်ရှည် လာကြပါပြီ။

မွေးကင်းစ ကလေးငယ်များကို HIV ပိုး ကူးစက်နှုန်း ကလည်း ၂ဝဝ၅ ခုနှစ်မှာ လေးသိန်းခွဲအထိ ရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်မှာ မွေးကင်းစ ကလေးငယ် နှစ်သိန်းခြောက် သောင်း ကိုသာ ကူးစက်တော့သည် အထိ ကျဆင်း လာခဲ့သည်။ မွေးကင်းစ ကလေးငယ် တွေမှာ HIV ပိုးကူးစက်ခံရခြင်း၏ အဓိက အကြောင်းရင်းက မိခင်ဆီက လာတာပါ။ ကိုယ်ဝန်ဆောင် နေချိန်၊ မီးဖွားနေသည့် အချိန်၊ နို့တိုက်ချိန် တွေမှာ HIV ပိုးက မိခင်မှသည် ကလေးဆီသို့ ရောက်သွားနိုင်သည်။ ထိုသို့ ကူးစက်နိုင်သည့် အချိန်များမှာ HIV ပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်ကို ART ဆေးများ တိုက်ကျွေးထား ခြင်းဖြင့် ရင်သွေးလေးထံ ရောဂါကူးစက်မှုကို ကျဆင်းသွား စေနိုင်သည်။ ထိုကုသနည်းလမ်း များကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာကြ ခြင်းကြောင့် မိခင်မှ ရင်သွေးထံ HIV ပိုးကူးစက်မှုနှုန်း သိသာစွာ ကျဆင်းလာခြင်း ဖြစ်သည်။

သို့တိုင်အောင် HIV ပိုးနှင့်အတူ မွေးဖွား လာကြရသည့် ရင်သွေးငယ်တွေ ရှိနေတုန်းပါ။ ၂ဝ၁၁ ခုနှစ် တစ်နှစ်တည်း မှာပင် HIV ပိုးရှိနေသူ ကလေးငယ် သုံးသိန်း ကမ္ဘာပေါ်ကို ရောက်ရှိလာခဲ့ ကြသည်။ ၂ဝ၁၂ ခုနှစ်မှာ ART ဆေးသောက်သုံးရန် လိုနေသည့် ကလေးငယ် ၁ ဒသမ ၆ သန်းအနက် ၃၄ ရာခိုင်နှုန်း သာလျှင် ထိုဆေးများကို သောက်သုံးနိုင် ခဲ့သည်။ မိခင်မှ ကလေးကို HIV ပိုးမကူးအောင် ကာကွယ်ဖို့ လိုသလို ရောဂါပိုးကူးစက်ခံပြီး ဖြစ်သည့် ကလေးငယ် တွေကိုလည်း ART ဆေးဖြင့် ကုသဖို့လိုသည်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပြန်ပါ။ HIV ပိုးကူးစက်ခံထား ရသည့် ကလေးသူငယ်များ အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးစရာ လုပ်ငန်းစဉ်တွေ များစွာ ကျန်နေပါသေးသည်။

HIV ပိုးသည် လူသား၏ ကိုယ်ခံအားစနစ်ကို လှဲဖြိုပစ်မှန်း အားလုံး သိခဲ့ကြပြီ။ လူကြီးတစ်ယောက် ၏ကိုယ်ခံအား စနစ်ကို ပင်လျှင် ဖျက်ဆီးပစ် နိုင်သည့် HIV ဗိုင်းရပ်စ်ပိုး၏ ဒဏ်ကို ကိုယ်ခံအားစနစ် မဖွံ့ဖြိုးသေးသည့် ကလေးသူငယ် များမှာ ပိုပြီးတော့ ခံကြရသည်။ HIV ပိုးက ကလေးငယ်၏ ခန္ဓာကိုယ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေသည် နှင့်အမျှ ကလေးငယ်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးထွားမှုတွေ နှေးကွေးသွားသည်။ ဦးနှောက်၊ နှလုံး၊ အဆုတ် စသည့် ကိုယ်အင်္ဂါတွေကို ထိခိုက်သွား စေသည်။ ထိုသို့ ထိခိုက်သွားပြီးပြီ ဆိုလျှင် ART ဆေးများနှင့်လည်း ပြန်ကောင်း လာနိုင်မှာ မဟုတ်တော့။ သည်တော့ HIV ပိုးရှိနေသည့် ကလေးငယ် များမှာ အမြင်အာရုံ၊ အကြားအာရုံနှင့် ပညာသင်ကြား နိုင်စွမ်းများမှာ ချို့တဲ့မှုတွေ ရှိနေနိုင်သည်။ အဆိုပါ ပြဿနာများကို ကိုင်တွယ်နိုင်မည့် အစီအစဉ်တွေ လက်ရှိကာလမှာ မပြည့်စုံနိုင် သေးပါ။ ART ဆေး လောက်လောက်ငင ရနိုင်အောင်ပင် ရုန်းကန် ကြိုးစားနေကြ ရသည့် အနေအထားပါ။

နောက်ထပ် ပြဿနာတစ်ခုက ဘေးထွက်ဆိုးကျိုး တွေများလှသည့် ART ဆေးများ၏ အန္တရာယ်ကို ကလေးသူငယ် များမှာ ပြည့်ပြည့်စုံစုံ စမ်းသပ်ထားတာ မရှိသေး။ မရင့်ကျက် သေးသည့် ကလေးငယ် များ၏
ခန္ဓာကိုယ်မှာ ART ဆေးများက ရေတို၊ ရေရှည် ဘယ်လို အန္တရာယ်တွေ ဖြစ်လာစေမှာလဲ ဆိုတာကိုလည်း မသိနိုင်ကြ သေးသည့် အနေအထားပါ။

ဈေးကွက်ထဲမှာက လူကြီးများအတွက် စီမံဖော်စပ် ထားသည့် ART ဆေးတွေပဲရှိ နေသည်။ တစ်ရက်ကို ဆေးတစ်လုံးသောက် လိုက်ရုံနှင့် အဆင်ပြေသည်။ ထိုဆေးလုံးထဲမှာ ART ဆေး နှစ်မျိုး၊ သုံးမျိုးပေါင်းစပ် ပါဝင်ပြီးသား ကလေးငယ်များ အတွက်တော့ ဆေးပမာဏကို လျော့ဖို့လိုသည်။ လူကြီးအတွက် ဖော်စပ်ထားသည့် ဆေးများကို ကလေးငယ်များကို တိုက်ကျွေးလို့ မရနိုင်။ သည်တော့ ကလေးငယ်များ ခမျာ ဆေးတစ်မျိုး၊ တစ်လုံးသောက် နေရသည်။ ဆေးသုံးမျိုးဆို ဆေးသုံးလုံး ဖြစ်ပြီပေါ့။ တစ်ရက်ကို နှစ်ကြိမ် သောက်ရတာမျိုး လည်းရှိနိုင်သည်။

နဂိုကတည်းက ဆေးတိုက်ရ ခက်နိုင်သည့် ကလေးငယ်များ အတွက် သည်လိုဆေး အမည်စုံကို နှစ်ရှည်လများ အမြဲတမ်းပုံမှန် ဘယ်သူက တိုက်ကျွေးပေး နိုင်မှာလဲ။ ဆေးကို ပုံမှန်မသောက်ရင် ဆေးယဉ်ပါး ပြဿနာ ဖြစ်မည်။ ဆေးတိုးမှာ မဟုတ်တော့။ ရောဂါ အခြေအနေ ဆိုးလာမည်။ သွေးထဲမှာ HIV ပိုးတွေပြန်များ လာမှာဖြစ်သဖြင့် သူတစ်ပါးကို ကူးစက်ခံနိုင်ခြေ လည်း ပိုများလာမည်။

HIV ပိုးရှိကလေးငယ် များ၏ နောက်ထပ် ပြဿနာတစ်ရပ်က လူမှု အသိုင်းအဝိုင်း ပြဿနာများ ဖြစ်သည်။ လူမှုရေးပြဿနာ တစ်ရပ်က ခွဲခြားနှိမ့်ချ ဆက်ဆံခံရမည့် ပြဿနာဖြစ်သည်။ နေ့တိုင်း ART ဆေးတွေကို သောက်သုံးနေရမည့် ကလေးငယ် တစ်ယောက်အတွက် ကိုယ့်ရောဂါကို သူများတွေ မသိအောင် ဖုံးဖိထားနိုင်ဖို့ မလွယ်။ တစ်ခါတစ်လေ ကာယကံရှင် ကလေးငယ် တွေကိုတောင် HIV ပိုးအကြောင်း၊ သူ့မှာရောဂါ ရှိနေသည့်အကြောင်း၊ ဆေးပုံမှန် သောက်ဖို့လိုသည့် အကြောင်း ရှင်းပြဖို့ကိစ္စ က မလွယ်ပါ။ နောက် လူမှုရေးပြဿနာ တစ်ရပ်က ဆင်းရဲမှုဖြစ်သည်။ ကလေးငယ် တစ်ယောက်အဖို့ ART ဆေးက အခမဲ့ပေးသူရှိမှ သောက်နိုင်မှာပါ။ ဆေးရှိရုံတင် မက ကလေးငယ်၏ ပါးစပ်အတွင်း ရောက်အောင် သောက်နိုင်ဖို့ ကြပ်မတ်ပြုစု ပေးမည့်သူလည်း လိုအပ်သည်။ အများသိကြသည့် အတိုင်း HIV ပိုးရှိ ကလေးငယ်များမှာ မိစုံဖစုံ မရှိတော့တာ များသည်။ ရှိသေးရင် လည်း HIV ရောဂါပိုး သယ်ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရသည့် မိဘတွေဖြစ်နေ ဖို့များသည်။ သည်တော့ ပြင်ပကူညီသူများ၏ အထောက်အပံ့က လိုအပ်သည်။

အမှန်တော့ HIV ပိုးရှိနေသူ ကလေးငယ်တစ်ဦး အဖို့ သူ့ရောဂါကို ဖုံးကွယ်ထားဖို့ မလွယ်ကူလှပါ။ သူတို့ခန္ဓာကိုယ် အရေပြားပေါ်မှာက HIV ပိုး၏ နာတာရှည် ရိုက်ခတ်မှုတွေက သက်သေအဖြစ် ရှိနေတတ်သည်။ အရေပြားပေါ်မှ အမာရွတ်တွေ၊ ကြီးထွားမှုနည်းပြီး ကြုံလှီနေတာ လေးတွေက ဖုံးကွယ်လို့မရနိုင်ပါ။ ဒီလိုနှင့် HIV ပိုးရှိနေသူ ကလေးငယ်များ အားလုံးလိုလိုမှာ သူတို့ ကိုယ်တိုင် မဖော်ထုတ်ပြ နိုင်သည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ပါရှိနေတတ်သည်။

ကလေးငယ်များမှာ သူတို့ကိုယ်ပိုင် ကုသမှုဆုံးဖြတ်ချက် ပေးနိုင်သည့် ရင့်ကျက်မှုမျိုး မရှိသေး။ ဒီတော့ သူတို့၏မိဘ သို့မဟုတ် ပြုစုစောင့်ရှောက်သူ များက ကလေးငယ်များ အတွက် ကုသမှုဆုံးဖြတ်ချက် တွေကိုပေးကြ ရသည်။ မွေးကင်းစ၊ တစ်နှစ်နှင့် နှစ်နှစ်အရွယ် ကလေးငယ်တွေမှာ HIV ပိုးရှိနေခြင်းကို သက်ဆိုင်ရာ ကလေးငယ်အား နားလည်အောင် ပြောပြလို့ရမှာ မဟုတ်။ ဘယ်လိုအချိန်၊ ဘယ်လို အသက်အရွယ်မှာ ကလေးတွေကို သူတို့ဆီမှာ HIV ပိုးရှိနေပြီး ART ဆေး သောက်ရတော့မည် ဖြစ်ကြောင်းကို ဘယ်သူတွေက ရှင်းပြမှာလဲ။ ကလေးတွေမှာ HIV ပိုးရှိနေခြင်းက လူကြီးများနှင့် အတော် ကွာကြောင်း သဘောပေါက်မိ ကြမည်ထင်သည်။

HIV ကလေးငယ်တွေ ပညာသင်ကြားသည့် နေရာမှာလည်း မှတ်ဉာဏ်၊ တွေးခေါ်ဉာဏ်အားနည်းသည့် ပြဿနာတွေ ရှိနေနိုင်သေးသည်။ HIV ပိုးက ဦးနှောက်ဆဲလ်တွေ ကို ဒုက္ခပေးတတ်သည်။ နဂိုကတည်းကမှ ဆင်းရဲသည့် အသိုင်းအဝိုင်းမှာ ကြီးပြင်းလာ ကြရတာ၊ ပညာသင်ကြားဖို့ပါ အခက်အခဲ ရှိနေသည်ဆိုတော့ သည်ကလေးငယ် များ၏ အနာဂတ် လှပစေဖို့က အခက်အခဲဖြစ်သည်။ မျက်မှောက်ကာလ ကျန်းမာရေး အဖွဲ့အစည်း များကလည်း အဆိုပါ လူမှုရေးပြဿနာ တွေကို ရေရှည်ဖြေရှင်းပေး နိုင်ဖို့ စီမံချက်တွေ မချမှတ်နိုင်ကြသေး။ သူတို့အတွက် အဓိကတာဝန်က ART ဆေးများ မှန်မှန်ရရှိ နေနိုင်ဖို့ပါ။

HIV ပိုးရှိနေသူတိုင်းက ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်ကုသ နေရသည့် လူမမာတွေမ ဟုတ်ကြပါ။ ကိုယ့်အိမ်ရာနှင့် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ထဲမှာပဲ သူလိုငါလို သွားလာလှုပ်ရှား နေကြသူများ ဖြစ်သည်။ HIV ပိုးရှိနေသူ ကလေးငယ်များ မှာလည်း ခုခံအားစနစ် ပျက်စီးသွားသည့် အချိန် မရောက်မချင်း သူလိုငါလိုပဲ ရှင်သန်ရပ်တည် နေကြမှာပါပဲ။ တစ်ခုတော့ ရှိသည်။ သူတို့လေး တွေက မိဘမဲ့တွေ ဖြစ်ဖို့များသည်။ ဒါမှမဟုတ် ကြည့်ရှုထောက်ပံ့ မည့်သူ မရှိကြသူတွေ ဖြစ်နိုင်သည်။ သူတို့လေး တွေကို သက်ဆိုင်ရာ အရွယ်များ အလိုက် ကြည့်ရှုစောင့်ရှောက် ထောက်ပံ့ ကုသပေးမည့် လူမှုရေး အစီအစဉ်တွေ ရှိဖို့လိုပါသည်။ သင့်လျော်သည့် အချိန်နှင့်အရွယ်၊ လုံလောက်သည့် ရင့်ကျက်မှုများ ရှိလာသည့် အခါတွင်လည်း သူတို့ဆီမှာ ရှိနေသည့် HIV ရောဂါပိုး အကြောင်း ရှင်းလင်းပြောပြပြီး ကျန်းမာရေး အသိပညာပေး ထားဖို့ လိုအပ်ကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...