Social Icons

Pages

Friday, January 20, 2017

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေး


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) 
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး 
H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၀-၁-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Paul R. Seger အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံသံ အမတ်ကြီး H.E.Mr.Paul R. Seger နှင့်တာဝန်ရှိသူတို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တည်ငြိမ် အေးချမ်းရေး အတွက် အစိုးရ၊ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဥပဒေနှင့် အညီ ဆောင်ရွက်နေမှုများ၊ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် နေသည့် အခြေအနေများ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသများတွင် KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ များမှ အပြစ်မဲ့ပြည်သူ များအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ပိတ်ဆို့ ဟန့်တားခြင်း၊ ပြည်သူပိုင် မော်တော်ယာဉ် များအား မီးရှို့ဖျက်ဆီးခြင်း၊ တပ်စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ယာဉ်တန်းများအား တိုက်ခိုက်ခြင်းနှင့် သတ်မှတ်နယ်မြေ ကျော်လွန် တပ်စွဲခြင်းများ ဆောင်ရွက်လာသော ကြောင့် တပ်မတော် စစ်ကြောင်းများမှ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ ရသည့် အခြေအနေများ၊ ထိုသို့ ဆောင်ရွက်ရာတွင် ဂျီနီဗာ ကွန်ဗင်းရှင်း ပါ အချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်မှု၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက် နေမှုများ၊ ဥပဒေ ဖောက်ဖျက်မှုများ ရှိပါကလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ၊ ယင်းဖြစ်စဉ် များနှင့် ပတ်သက်၍ အများပြည်သူ များနှင့် နိုင်ငံတကာမှ သိရှိစေရန် အတွက် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ထာဝရငြိမ်းချမ်းရေး အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပြည်သူပြည်သား များမှ လိုလားစွာ ဆောင်ရွက်နေမှု အခြေအနေ များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ဆွစ်ဇာလန် နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေး နိုင်မှု အခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် သံအမတ်ကြီး တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...