Social Icons

Pages

Friday, January 20, 2017

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ၌ အကြမ်းဖက် သောင်းကျန်းသူများ အတွက် ငွေကြေး ထောက်ပံ့ကူညီခြင်း ၊ သတင်းပေးခြင်း ၊ လူသစ်စုဆောင်း ပေးခြင်းနှင့် မဟုတ်မမှန်လုပ်ကြံ ၀ါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့သူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး



နေပြည်တော် ၊ ၂၀-၁-၂၀၁၇

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း KIA/TNLA/MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များက ခရီးသွားပြည်သူ များအား အကြမ်းဖက် အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ လမ်းနှင့်တံတား များအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ခရီးသည်နှင့် ကုန်တင်ယာဉ် များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၍ လမ်းများ ပိတ်ဆို့ထားကာ တပ်မတော် စစ်ကူ စစ်ကြောင်းများ ဝင်ရောက်မလာ နိုင်ရေးပြုလုပ်၍ မုံးကိုးစခန်း အပါအဝင် တပ်မတော် စခန်းများနှင့် မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်မြို့ တို့အား ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်း များကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို နေ့ညမနား ဆောင်ရွက်ခဲ့ ရပြီးနောက်ပိုင်း မုံးကိုးတိုက်ပွဲ ဖြစ်စဉ်၌ အကြမ်းဖက် သောင်းကျန်းသူ များအတွက် လူသစ် စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ခြင်းများ ကို ပါဝင်လုပ်ဆောင် ခဲ့ကြသူများ မုံးကိုးမြို့ အတွင်း ပြန်လည်ရောက်ရှိ နေကြောင်း မိမိ အမာခံနှင့် ဆက်စပ်သတင်း ဖော်ထုတ်ချက် များအရ တပ်မတော် စစ်ကြောင်းများက ဖော်ထုတ်ရှာဖွေ ခဲ့ရာ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီခွဲခန့်တွင် မုံးကိုးမြို့၊ အမှတ် (၁)ရပ်ကွက်နေ မသင်္ကာဖွယ် ဒီဒီနောင်လတ် (ဘ) ဦးဒေါ့နော် နှင့် မုံးကိုးမြို့၊ ကောင်းလုံ ကျေးရွာနေ လန်ဂျော်ဂမ်ဆိုင်း (ဘ) ဦးလန်ဂျော်လဖုန်း တို့ နှစ်ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါနှစ်ဦး သည် ဒီဇင်ဘာ ၄ ရက်တွင် မုံးကိုးမြို့သို့ တပ်မတော် စစ်ကူ စစ်ကြောင်းများ ရောက်ရှိထိန်းချုပ် နိုင်ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းလျက် ရှိစဉ် တစ်ဖက်နိုင်ငံသို့ ခေတ္တ ထွက်ပြေး တိမ်းရှောင် နေခဲ့ကာ ဒီဇင်ဘာ ၇ ရက်တွင် မုံးကိုးမြို့ အတွင်းသို့ တိုက်ပွဲရှောင် ပြည်သူများနှင့် အတူ ပြန်လည် ဝင်ရောက်နေ ထိုင်လာစဉ် ရှာဖွေဖမ်းဆီးခံ ရခြင်းဖြစ်ကြောင်း သိရှိရသည်။ ၄င်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မိမိအမာခံ သတင်းပေးများ၏ လုံခြုံရေး အခြေအနေအရ သတင်းပေါက်ကြားမှု မရှိစေရေး အလေးထား ထိန်းသိမ်း၍ ဖြစ်စဉ်မှန်များ ပေါ်ပေါက်စေရေး အတွက် ဖမ်းဆီးရမိ သူများအား ဥပဒေလုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ အသေးစိတ် စိစစ်မေးမြန်း ဆောင်ရွက်ခြင်း၊ စစ်ကြောချက် များအား အတည်ပြုခြင်း များကို အချိန်ယူ လုပ်ဆောင်ခဲ့ ရသည်။

ထိုသို့ အသေးစိတ် ဖော်ထုတ်စစ်ကြော မေးမြန်းချက်များ အရ ဒီဒီနောင်လတ် ဆိုသူသည် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့သော မုံဆာလ ခေါင်းဆောင်သည့် မုံးကိုး ကာကွယ်ရေးတပ် (MDA) တွင် မုံးကိုးမြို့နယ်၊ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်း သွားရောက်၍ တရားမဝင် ဆောင်ရွက်ခဲ့သည့် KIA တပ်မဟာ(၆) ၏ ဆုတောင်းပွဲ နှင့် တပ်မဟာ(၆) တာဝန်ခံ အလွှဲအပြောင်း ပွဲများသို့ တက်ရောက် ခဲ့ကြောင်း၊ KIA တပ်မဟာ(၆) တပ်မဟာမှူး မရန်ဇော်ခေါင်၊ ဒုတိယ တပ်မဟာမှူး လဇောင်း၊ ဆက်သွယ်ရေး တာဝန်ခံ ဂွန်းတန်၊ မိုင်ဂျာယန်ခရိုင် အုပ်ချုပ်ရေးမှူး လရှီစိုင်းနော်၊ KIA တပ်ရင်း (၃၆) တပ်ရင်းမှူး ယိင်းဘောင်၊ KIA မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ သော ဓမ္မဆရာ နော်ခမ်း၊ KIA မှ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တိုက်ခိုက်ရေး အဖွဲ့မှ ခေါင်းဆောင်များ၊ MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ခေါင်းဆောင်အချို့ နှင့် ရင်းနှီးပတ်သက်သူ ဖြစ်ကြောင်း၊ မုံးကိုးတိုက်ပွဲ ဖြစ်စဉ်ကာလ အတွင်း မုံးကိုးမြို့ နှစ်ခြင်း ခရစ်ယာန်အသင်း၏ ဥက္ကဋ္ဌအဖြစ် အသွင်ယူ၍ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှု များအား အကြမ်းဖက် သောင်းကျန်းသူ များထံသို့ သတင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ ပေးခြင်း၊ ပြည်ပမီဒီယာ များနှင့် ချိတ်ဆက်၍ တပ်မတော် အပေါ် နိုင်ငံတကာနှင့် ပြည်သူ လူထုမှ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ခြင်း၊ မုံးကိုးတိုက်ပွဲ ဖြစ်စဉ်မတိုင်မီ နှင့် တိုက်ပွဲကာလ များအတွင်း KIA အကြမ်းဖက် သောင်းကျန်းသူ များနှင့် အကြိမ်ကြိမ် ဆက်သွယ်ဆောင်ရွက် ခဲ့ခြင်းများ ကို လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်းနှင့် လန်ဂျော်ဂမ်ဆိုင်း ဆိုသူသည်လည်း တိုက်ပွဲဖြစ်စဉ် ကာလအတွင်း KIA အကြမ်းဖက် သောင်းကျန်းသူ များအား တပ်မတော် သတင်းများပေးခြင်း၊ အကြမ်းဖက် သောင်းကျန်းသူ များအတွက် လူသစ်စုဆောင်း ပေးခြင်းနှင့် သွားလာမှုအဆင်ပြေစေရန် စက်သုံးဆီများ သယ်ယူ ပို့ဆောင်ပေးခြင်း များကို ကူညီလုပ်ဆောင် ပေးခဲ့သူ ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦးအား မုံးကိုးမြို့ ရဲစခန်းတွင် တိုက်ပွဲဖြစ်စဉ်များ အပြီး တာဝန် ထမ်းဆောင်လျက် ရှိသော ရဲဝန်ထမ်း များမရှိခြင်း၊ တိုက်ပွဲကာလ အတွင်း ရဲဝန်ထမ်းများမှ ကျဆုံး/ ပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ရဲလုပ်ငန်းများမှာ လည်ပတ် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် အမှုဖွင့်လှစ်အပ်နှံ ချုပ်နှောင်ပြီး စစ်ကြော ဆောင်ရွက်နိုင်မှု မပြုနိုင်ခြင်း၊ နယ်မြေခံ တပ်တွင် သတင်းလုံခြုံမှု အတွက် စစ်ကြော မေးမြန်းရန် အခက်အခဲ ရှိခြင်းနှင့် အမာခံ သတင်းပေး၏ အသက်အန္တရာယ် လုံခြုံရေး စသည့်အချက် များကြောင့် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၆'' အရ တည်ဆဲဥပဒေ များနှင့်အညီ စစ်ကြောမေးမြန်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး တရားဥပဒေ အရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူ များ၏ အမာခံများ ထပ်မံဖမ်းဆီး ရမိရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေး အတွက် ဆက်လက်စိစစ် ဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...