Social Icons

Pages

Friday, January 20, 2017

ရှားပါးသမင်မျိုးစိတ်များ ၁၂ နှစ်အတွင်း အကောင်ရေ ၅၀၀ ကျော်သာကျန်ရှိ



နေပြည်တော် ၊ ၂၀-၁-၂၀၁၇

သဘာဝ ထိန်းသိမ်းရေး နယ်မြေများအတွင်း လူများတိုးချဲ့ နေထိုင်လာမှု များကြောင့် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသည့် ရှားပါးသမင် မျိုးစိတ်များသည် ၁၂ နှစ်အတွင်း အကောင်ရေ ၅ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဝန်ကြီးဌာန၏ လေ့လာ သုတေသန ပြုချက်များအရ ၂ဝဝ၄ ခုနှစ်က ချပ်သင်းဘေးမဲ့တော အတွင်း ရွှေသမင် အကောင်ရေ ၁၄ဝဝ ကျော်ရှိရာမှ ၂ဝ၁၆ ခုနှစ်တွင် အကောင်ရေ ၅ဝဝ ကျော်သာ ကျန်ရှိကြောင်း သိရသည်။

ချပ်သင်း ဘေးမဲ့တော အတွင်း အဓိက အနေဖြင့် ရွှေသမင် ထိန်းသိမ်းရေးဇုန် သုံးခုရှိရာ ရွှေသမင် အများအပြား နေထိုင် ကျက်စားသော ဇုန်၌ပင် အကောင်ရေ သိသိသာသာ ကျဆင်းလာခြင်း ဖြစ်ပြီး ယင်းနေရာ၌ အကောင်ရေ ၂၅ဝ ခန့် ကျက်စား သော်လည်း ယခုအခါ အကောင်ရေ ၅ဝ အောက်သာ ကျန်ရှိတော့ကြောင်း၊ ကျန်ဇုန် (၂) နှင့် (၃) ၌လည်း အကောင်ရေ ၅ဝ အောက်ရှိရာမှ လက်ရှိတွင် အရေအတွက် ကျဆင်းလာကြောင်း သိရသည်။

''ရွှေသမင် အကောင်ရေ ကျဆင်းရတဲ့ အကြောင်းအရာ တွေက အများကြီးပေါ့။ အဓိကက ပတ်ဝန်းကျင် ကျေးရွာတွေမှာ လက်လုပ် သေနတ်ကိုင် မုဆိုးတွေ များလာတာပဲ။ လက်လုပ်သေနတ် တွေကျတော့ သစ်တောက ဖမ်းလို့မရဘူး။ ရဲတပ်ဖွဲ့က ဖမ်းဆီးမှရမှာ။ ရွှေသမင်က ကမ္ဘာမှာ မြန်မာ တစ်နိုင်ငံတည်း မှာသာရှိတဲ့ သမင်ဖြစ်လို့ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေသမင် အကောင်ရေ ကျဆင်းမှုသည် သဘာဝနယ်မြေ အတွင်း ကျေးရွာအဖြစ် တည်ထောင် ထားသော ဒေသများမှ အမဲလိုက်သည့် မုဆိုးများ လာရောက်၍ ဖမ်းဆီး သတ်ဖြတ်မှု များကြောင့် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...