Social Icons

Pages

Friday, January 20, 2017

၂၀၁၆ ခုနှစ်သည် ကမ္ဘာ့စံချိန်တင် အပူဆုံးနှစ် ဖြစ်ခဲ့



( ရှိန်းထက် )

၂ဝ၁၄ ခုနှစ် ကုန်ဆုံးပြီးချိန်တွင် ကမ္ဘာကြီး၏ ပူနွေးမှုဖြစ်စဉ် သမိုင်းမှာ စံချိန်တင် အပူဆုံးနှစ် တစ်နှစ်ဟု ကြေညာချက် ထွက်လာခဲ့သည်။ ထို့နောက် ၂ဝ၁၅ ခုနှစ်သို့ ရောက်သည့်အခါ ၂ဝ၁၄ ခုနှစ်ကထက် ပိုပူပြင်းသည့် သမိုင်းတွင် စံချိန်တစ်ခုကို ထပ်မံရရှိခဲ့ပြီး ကမ္ဘာ့အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပြန်သည်။

ထို့နောက် ၂ဝ၁၆ ခုနှစ်သို့ ထပ်ကူးပြောင်း လာရာ ၂ဝ၁၅ ခုနှစ် ကထက်ပင် ပိုမိုဆိုးရွားစွာ ပူပြင်းလာခဲ့ပြီး ကမ္ဘာ ပေါ်တွင် တတိယမြောက် အပူဆုံးနှစ်အဖြစ် သမိုင်းတင်ခဲ့ရ ပြန်သည်။ ထိုသို့ အပူချိန် မြင့်မားမှုကြောင့် နှစ်စဉ်နှစ်တိုင်း မိုးခေါင်ရေရှားပြီး သေဆုံးရသည့် လူအရေအတွက် ပိုများလာ ရသည်။ လူပေါင်း သန်းရာနှင့်ချီ၍ အစာရေစာ ပြတ်လပ် နေရသည်။ ၂ဝ၁၅ ခုနှစ်ကဆိုလျှင် အိန္ဒိယ၌ အပူလှိုင်း ဝင်ရောက်မှုကြောင့် လူပေါင်း ၂ဝဝဝ ကျော် သေဆုံးပြီး သန်း  ၃၃ဝ သော အိန္ဒိယပြည်သူ တို့မှာ အပူလှိုင်း ဒဏ်ကို ခံခဲ့ကြရသည်။

အာဖရိကရှိ ဆိုမာလီယာ နိုင်ငံ၌ ပြီးခဲ့သည့် ခြောက်နှစ်က လူပေါင်း နှစ်သိန်းကျော် မိုးခေါင်ရေရှားပြီး အစာရေစာ ရှားပါးမှုကြောင့် ငတ်မွတ်၍ သေဆုံးခဲ့ရသည်။ ယခု ပစ္စက္ခ အခြေအနေ ၌လည်း ဆိုမာလီယာ ပြည်သူပေါင်း လေးသန်းခန့် အသက်အန္တရာယ် ဆုံးရှုံးရ လောက်သည် အထိ မိုးခေါင်ရေရှားမှု ဒဏ်ကို ခံစားနေရပြီး ကုလသမဂ္ဂက လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးနိုင်ရန် အသည်းအသန် ကြိုးပမ်း နေရသည်။ သို့သော် အစာရေစာ ပြတ်လပ် နေရသည့်ကြားထဲ စစ်ပွဲများက ဖြစ်နေသောကြောင့် အကူအညီ ပေးရေး လုပ်ငန်းစဉ်များမှာ နှောင့်နှေးနေရပြီး စစ်ပွဲကြောင့် သေရဖို့ဘက် ကိုပင် ရာခိုင်နှုန်းပိုများ နေရသလို ဖြစ်နေသည်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့က အပြည်ပြည်ဆိုင်ရာ မိုးလေဝသ အဖွဲ့အစည်း၊ အမေရိကန် အာကာသအေဂျင်စီ နာဆာနှင့် သမုဒ္ဒရာနှင့် လေထု လေ့လာရေး အဖွဲ့တို့က ကြေညာချက် တစ်ခုကို ပူးတွဲထုတ်ပြန် ခဲ့သည်။ ကြေညာချက်တွင် ၂ဝ၁၆ ခုနှစ် သည် ကမ္ဘာ့သမိုင်း၌ သုံးကြိမ်မြောက် အပူဆုံး နှစ်ဖြစ်ခဲ့သည်ဟု ပါရှိပြီး အဓိက တရားခံမှာ အယ်လ်နီညို ရာသီဥတုပင် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် စတင်ဝင်ရောက် ခဲ့သော အယ်လ်နီညို ရာသီဥတု သည် ကမ္ဘာတစ်ဝန်း လုံးကို ဒုက္ခပေးခဲ့ပြီး ၂ဝ၁၆ ခုနှစ်ကိုပါ လူပေါင်းများစွာ သေဆုံးစေသည့် နှစ်တစ်နှစ် ဖြစ်စေခဲ့သည်။ အယ်လ်နီညို ရာသီဥတု ဝင်ရောက်လာမှုကြောင့် ပင်လယ်ရေ မျက်နှာပြင်များ ပိုမိုပူနွေးလာပြီး ကမ္ဘာ့လေထု အလွှာများထဲသို့ ပူနွေးသည့် ရေငွေ့များကို ထုတ်လွှတ်ခဲ့သဖြင့် ဝင်ရိုးစွန်းရှိ ရေခဲပြင်များ အရည်ပျော် လာသည်။ ရေခဲပြင်များ အရည်ပျော် လာသည်နှင့် တစ်ပြိုင်နက် ရေခဲလွှာများ အောက်တွင် အောင်းနေသည့် မီသိန်းဓာတ်ငွေ့ များမှာ အလုံးအရင်းနှင့် ထွက်လာသည်။ ထို ဓာတ်ငွေ့များက ကမ္ဘာ့လေထု ထဲတွင် တဝဲလည်လည် ဖြစ်နေပြီး ကမ္ဘာ့  ရာသီဥတုပုံမှန် ဖြစ်စဉ်များကို အနှောင့်အယှက် ပေးတော့သည်။ ထိုကြားထဲတွင် ကမ္ဘာ မြေမှ စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာ မီးရှို့မှုများနှင့် တောမီးရှို့မှုများက ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ အများဆုံးထုတ်ပေး နေပြန်သည်။ ထိုဓာတ်ငွေ့များ လေထုထဲတွင် သွားပေါင်းမိသော အခါ ကမ္ဘာ့ ရာသီဥတု သည် ဆိုးရွားလာသည် ထက်ပိုမိုဆိုးရွား လာကာ စံချိန်တင် အပူဆုံးနှစ်များကို တစ်နှစ်ပြီးတစ်နှစ် ပိုမိုဖန်တီး တော့သည်။

ကမ္ဘာကြီးပူနွေး လာမှုကြောင့် ရာသီဥတု ဖောက်ပြန်လာမည်။ မိုးခေါင်ရေရှား မှုကြောင့် လူသားတို့ အစာရေစာ ပြတ်လပ်ပြီး သေဆုံးမှု ပိုများလာမည်။ ဝင်ရိုးစွန်းရေခဲတောင် များနှင့် ရေခဲပြင်များ အရည်ပျော်လာ မှုကြောင့် ပင်လယ် ရေမျက်နှာပြင်များ မြင့်တက်လာကာ အမေရိကန်ရှိ မိုင်ယာမီနှင့် ဖလော်ရီဒါကဲ့သို့ ပင်လယ် ရေမျက်နှာပြင် အောက်တွင် ရှိနေသည့်ဒေသ များမှာ ပင်လယ်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ယခု ကမ္ဘာ့အပူချိန်သည် ၁ ဒသမ ၂ ဒီဂရီဆဲလ်စီးရပ်စ် တွင်ရှိနေပြီး ကမ္ဘာ့ အပူဆုံးနှစ် များကို ပိုင်ဆိုင်ထား ကြသည်။ ၂ ဒီဂရီ ဆဲလ်စီးရပ်စ်နှင့် အထက် ရောက်သွားလျှင် တော့ ထိုမှတ်တမ်းများထက် ပိုမိုဆိုးရွားသည့်
မှတ်တမ်းများ ထပ်ထွက် လာမည်မှာ ကျိန်းသေနေသည်။ ထို့ကြောင့် ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးရပ်စ် တွင် ထိန်းသိမ်းထားရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ သိပ္ပံပညာရှင် များက တိုက်တွန်းနေခြင်း ဖြစ်သည်။

၂ဝ၁၅ ခုနှစ် ကုလသမဂ္ဂ၏ ပဲရစ်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 21 တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ ခေါင်းဆောင် များသည် ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးရပ်စ် မကျော်လွန်အောင် ထိန်းသိမ်းထားရေး အတွက် သဘောတူခဲ့ ကြသည်။ ၂ဝ၁၆ ခုနှစ်တွင် ထိုသဘောတူညီချက် အတိုင်း မော်ရိုကို၌ COP 22 အဖြစ် ထပ်ဆွေးနွေးကြသည်။ သို့သော် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုများက သိသိသာသာ လျော့ကျသွားခြင်း မရှိပေ။ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးရပ်စ် မှာပင် ရပ်ထားဖို့ ဖြစ်ရော ဖြစ်နိုင်ရဲ့လား ဟူသည့် သံသယများပင် ဖြစ်ပေါ်လာသည်။ တရုတ်တို့ကလည်း ကျောက်မီးသွေး စက်ရုံများကို ယခုအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှီခိုနေရဆဲ ဖြစ်သည်။ လိုအပ်သည့် စွမ်းအင်ကဏ္ဍ အတွက် နောက်ထပ် ကျောက်မီးသွေး စက်ရုံများကိုပင် ထပ်ဆောက် နေရသေးသည်။ ထိုကြားထဲ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ်က သူ့နိုင်ငံရှိ အလုပ်လက်မဲ့ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ကျောက်မီးသွေး စက်ရုံများကို ထပ်ဆောက်ဖို့ ဆိုသည့် စကားလမ်းကြောင်း စလာသည်ကို တွေ့လာရသည်။ ထို့ပြင် အာရှဒေသ ကလည်း ယခင်ကထက် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များကို ပိုမိုထုတ်လုပ် လာနေသည်။

ကုလသမဂ္ဂ၏ ၂ ဒီဂရီ ဆဲလ်စီးရပ်စ် ရည်မှန်းချက် အတွက် ရင်လေးစရာ လုပ်ရပ်များဖြစ်သည်။ နောက်ပိုင်း အဆိုးဆုံးလုပ်ရပ် ကတော့ သစ်တောများ ပြုန်းတီးမှုဖြစ်သည်။ နောက်ဆုံးတွင် တောင်ကတုံးများမှာ တစ်ကမ္ဘာလုံး အနှံ့ လျင်မြန်စွာ ဖြစ်လာသည်။ ထို့နောက် သစ်တောများကို စိုက်ပျိုးမြေများ အတွက် ထပ်ပြီးမီးရှို့ ပြန်သည်။ သစ်ပင်များမှာ ကာဗွန်ဒိုင် အောက်ဆိုက် အဆိပ်ဓာတ်ငွေ့ များကိုစုပ်ယူပြီး အောက်ဆီဂျင် ကို ထုတ်မပေးနိုင် တော့သည့်အပြင် ထိုသစ်တောများကို မီးရှို့မှုကြောင့် ကာဗွန်ထုတ်လုပ်မှု ပိုမိုတိုးလာပြီး ဖန်လုံအိမ် ဓာတ်ငွေ့ပမာဏ လေထုထဲတွင် ပိုမို တိုးလာသည်။

လူသားတို့က သူတို့ကြောင့် မြေပြင်နှင့် ရေပြင်မှ ထွက်လာသည့် အဆိပ်ဓာတ်ငွေ့ များအားလုံးသည် ကမ္ဘာ့ အပြင်ဘက်သို့ ထွက်သွားသည်ဟု ထင်ကြသည်။ တကယ်တမ်းမှာ ထိုဓာတ်ငွေ့များက ထွက်မသွားနိုင်ဘဲ ကမ္ဘာ့ လေထုထဲ တွင်သာ ပတ်ချာလည် နေသည်ကို သတိမပြုမိကြပေ။ ထို့ကြောင့် သူတို့လုပ်ရပ်က သူတို့ကို ပြန်သတ် နေသည်ကို မသိကြပေ။ ထိုဓာတ်ငွေ့များက အပြင်ကို မထွက်နိုင်ဘဲ ကမ္ဘာ့ လေထု အဝန်းအဝိုင်း ထဲတွင် ပိတ်မိကာ အုပ်စုဖွဲ့ လည်ပတ် နေသောကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ဟူသည့် နာမည်ကို ရရှိ လာခြင်းဖြစ်သည်။ ယခုအချိန်သည် ၂ဝ၁၇ ခုနှစ်၏ နှစ်စဖြစ်သည်။ လူတိုင်းက သိချင်ကြသည့် မေးခွန်းမှာ၂ဝ၁၇ ခုနှစ်ကရော ၂ဝ၁၆ ခုနှစ်ကလို ဖြစ်လာမှာလား ဟူသည့် မေးခွန်းပင် ဖြစ်သည်။

မိုးလေဝသ သိပ္ပံပညာရှင် များ၏ အဖြေကတော့ ၂ဝ၁၆ ခုနှစ်၏ အပူစံချိန်ကို ချိုးပြီး လေးခုမြောက် ကမ္ဘာ့ အပူဆုံးနှစ် တစ်နှစ် ဖြစ်လာနိုင်သည် ဟု ဆိုထားပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...