Social Icons

Pages

Monday, December 12, 2016

ရေငန်ပုစွန်ဖြူများကို ထိုင်း ၊ ဂျပန် နှင့် တရုတ်နိုင်ငံတို့မှ ၀ယ်ယူရန် ကမ်းလှမ်း



မြိတ် ၊ ၁၂-၁၂-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မွေးမြူလျက်ရှိသော ရေငန်ပုစွန်ဖြူ များကို ထိုင်းနိုင်ငံ အပါအဝင် ဂျပန်နှင့် တရုတ်နိုင်ငံ တို့မှဝယ်ယူရန် ကမ်းလှမ်း ထားကြောင်း ကတ္တလူ ခေတ်မီရေငန်ပုစွန် မွေးမြူရေး စီမံကိန်းမန်နေဂျာ ဦးကျော်လင်း ထံမှ သိရသည်။

အဆိုပါ ရေငန်ပုစွန်ဖြူ များကို တနင်္သာရီတိုင်း ဒေသကြီး ကတန်ကျွန်းရှိ ကတ္တလူရွာ၌ ခေတ်မီနည်းစနစ် များဖြင့် မွေးမြူထားပြီး ထွက်ရှိလာသော ပုစွန်များကို ထိုင်းနိုင်ငံ မှ အဓိကပြန်လည် ဝယ်ယူမည် ဖြစ်သည်။

ယင်း ရေငန်ပုစွန်ဖြူ သားပေါက်များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး မွေးမြူနေခြင်း ဖြစ်သည်။ ပုစွန်ဖြူမွေးမြူမှု တွင် ပုစွန်ကန် တစ်ကန်လျှင် အနိမ့်ဆုံး ပုစွန်တန် ၂ဝ ခန့်ထွက်ရှိပြီး သုံးနှစ်အတွင်း ပုစွန်ကန် ၂ဝ တိုးချဲ့မွေးမြူ ထုတ်လုပ်သွားမည် ဖြစ်သည်။

ပုစွန်ဖြူ တစ်ကီလိုလျှင် ပုစွန်အကောင်ရေ ၄ဝ အထက်ဖြစ်ပါက ထိုင်းဘတ်ငွေ ၁၃ဝ မှ ၁၅ဝ အထိ ဈေးနှုန်း ရရှိကြောင်း၊ အလားတူ တစ်ကီလိုလျှင် ပုစွန်အကောင်ရေ ၄ဝ အောက်ဖြစ်ပါက ထိုင်းဘတ်ငွေ ၁၅ဝ မှ ၁၆ဝ အထိ ဈေးနှုန်း ရရှိကြောင်း၊ လက်ရှိသုံးနှစ် အတွင်း ကန် ၂ဝ မွေးမြူထားပြီး လာမည့်နှစ်တွင် ၃၂ ကန်အထိ တိုးချဲ့မွေးမြူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရေငန်ပုစွန်ဖြူ မွေးမြူရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော အရည်အသွေးမီ ပုစွန်သားပေါက် များကို ပထော်ပထက် ကျွန်း၌ ဈေးကွက်ဝင် အဆင့်ထိ ရောက်အောင် ဆက်လက်မွေးမြူ ရကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...