Social Icons

Pages

Friday, June 3, 2016

အထည်ချုပ်လုပ်ငန်းများကို ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ပြည်ပနိုင်ငံများသို့ ထုတ်လုပ်တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့် ရရေးဆောင်ရွက်



ရန်ကုန် ၊ ၃-၆-၂၀၁၆

အထည်ချုပ် လုပ်ငန်းများကို လက်ခစားစနစ် (CMP) မှ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် စနစ် (FOB) ဖြင့် ပြည်ပနိုင်ငံ များသို့ ထုတ်လုပ် တင်ပို့ရာတွင် အခွန် ကင်းလွတ်ခွင့် ရရှိရေး ဆောင်ရွက် နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စား အထည်ချုပ် လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အတိုးနှုန်း သက်သာစွာ ချေးငွေ ထုတ်ပေးနိုင်ရန်နှင့် CMP လုပ်ငန်းများ FOB စနစ်ဖြင့် ပြောင်းလဲလုပ်ကိုင် နိုင်ရန် အထည်ချုပ် လုပ်ငန်းများကို စစ်တမ်းတစ်ခု ကောက်ယူနေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။

FOB စနစ် အကောင်အထည် ဖော်ရန်အတွက် ပြုစုထားသည့် စာတမ်း၌ FOB စနစ်ဖြင့် ချုပ်လုပ်ရန်၊ ပြည်ပမှ တင်သွင်းလာသည့် ကုန်ကြမ်းများကို အခွန် ကင်းလွတ်ခွင့် ပေးရန်၊ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်း လာသည့် ကုန်ကြမ်းများကို အကောက်ခွန် ဦးစီးဌာနက ထိန်းချုပ်ထားရန်၊ ပြည်ပမှ ဝယ်ယူမည့် ကုန်ကြမ်းများကို အကြွေး ဝယ်စနစ် (L/C)ဖြင့် ဝယ်ယူနိုင်ရန် နှင့် ပြည်ပရှိ ဘဏ်များနှင့် မြန်မာနိုင်ငံမှ ဘဏ်များ ချိတ်ဆက်ထားရန် လိုအပ်ကြောင်း တို့ကိုပါ ထည့်သွင်းရေးဆွဲ ထားသည်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းသည် ဂျပန်ဈေးကွက်နှင့် တောင်ကိုရီးယား ဈေးကွက်တို့ကို အဓိကအားထား နေရပြီး တရုတ် (တိုင်ပေ)၊ တရုတ်၊ မလေးရှား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့မှ မြန်မာ့ အထည်ချုပ် လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ ၏ GSP အခွင့်အရေးကို မြန်မာနိုင်ငံက ရရှိထားပြီး ဖြစ်ရာ မြန်မာ့ အထည်ချုပ် လုပ်ငန်းများမှ ဥရောပသမဂ္ဂ၏ အော်ဒါမှာယူ မှုများ မြင့်မားနေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ ထံမှ သိရသည်။ 

(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...