Social Icons

Pages

Tuesday, May 3, 2016

ပုဂ္ဂလိကကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းရွှေ့တက်ရောက် လိုသူများ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် လျှောက်လွှာများ စတင်ခေါ်ယူ


ရန်ကုန် ၊ ၃-၅-၂၀၁၆

အခြေခံပညာ ကျောင်းများနှင့် ပညာရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကျောင်းများသို့ နိုင်ငံတကာမှ ကျောင်းများနှင့် ပြည်တွင်း ပုဂ္ဂလိက ကျောင်းများမှ ပြောင်းရွှေ့ တက်ရောက် သင်ကြားလိုသူ များအတွက် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာများ စတင်ခေါ်ယူ နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ များသည် မိမိ တက်ရောက်ခဲ့သည့် ကျောင်းမှ ဖြေဆိုအောင်မြင် ခဲ့သည့် Level ကို ကျောင်း ထောက်ခံစာ မူရင်း သို့မဟုတ် အောင်လက်မှတ် မူရင်း၊ မွေးစာရင်း မူရင်း သို့မဟုတ် မွေးသက္ကရာဇ် ထောက်ခံချက် တစ်ခုခုဖြင့် လျှောက်ထား ရမည်ဖြစ်ပြီး ဖြေဆိုလိုသည့် အတန်းနှင့် အသက် ကိုက်ညီမှု ရှိရမည် ဖြစ်ကြောင်း သိရသည်။

အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရာတွင် ဖြေဆိုလို သူသည် မိမိ အောင်မြင်ခဲ့ ပြီးသော Level အရ တက်ရောက် သင်ကြားလိုသည့် အတန်းထက် တစ်ဆင့်နိမ့် အတန်း၏ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရမည် ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနမှ အတန်းအလိုက် သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်း ပါ ဘာသာရပ် များကို ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထား လိုသူသည် ဧပြီ ၂၉ ရက်မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး ရုံး၌ ရုံးချိန်အတွင်း လျှောက်လွှာ များကို အခမဲ့ထုတ်ယူ နိုင်ပြီး မေ ၆ ရက် နောက်ဆုံးထား၍ လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။

အရည်အချင်း စစ်စာမေးပွဲကို သတ်မှတ် ထားသည့် စာစစ်ဌာန၌ တစ်နေ့လျှင် နှစ်ဘာသာ နှုန်းဖြင့် သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ်များ ဖြေဆိုရမည် ဖြစ်ပြီး မေလအတွင်း အောင်စာရင်း ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...