Social Icons

Pages

Monday, April 25, 2016

ရာထူးတိုး အပြောင်းအရွှေ့ စာမေးပွဲဖြေဆိုစေခြင်းကို ကန့်ကွက်ရန် စာရင်းပေးသွင်းသူ ဆရာ ဆရာမ ၁၃၀၀ ကျော်အထိရှိလာ


ရန်ကုန် ၊ ၂၅-၄-၂၀၁၆

အခြေခံပညာ မူလတန်းအဆင့် မှ အခြေခံပညာ အလယ်တန်းအဆင့် အထိ ရာထူးတိုး အပြောင်းအရွှေ့ စာမေးပွဲ ဖြေဆိုစေခြင်းကို ကန့်ကွက်ရန် စာရင်း ပေးသွင်းသူ ဆရာ၊ ဆရာမ ၁၃ဝဝ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ သိရသည်။

ပညာရေးကောလိပ် ကျောင်းဆင်းများ နှင့် ဘွဲ့ရ မူလတန်းပြ ဆရာ၊ ဆရာမများ အနေဖြင့် ရာထူးတိုး လျှောက်ထား ရာတွင် စာမေးပွဲများ ပြန်လည်ဖြေဆို နေရခြင်းနှင့် ပတ်သက်၍ ပညာရေး အသိုင်းအဝိုင်း က ကန့်ကွက်မှုများ ရှိလာသည့် အတွက် ပညာရေး ဝန်ကြီးဌာန နှင့် ဆွေးနွေးနိုင်ရန် ကန့်ကွက်မှု စာရင်း တောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

''ပညာရေး ဝန်ကြီးဌာန အနေနဲ့ လုပ်သက် ဘယ်လောက်ရှိရင် ရာထူးတိုးမယ် ဆိုတဲ့မူကို အတည်မပြု နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဆရာတွေရဲ့ သဘောထား အတိုင်း ဘယ်လိုညှိနှိုင်း ပေးမယ်ဆိုတဲ့ တိကျတဲ့မူ လိုပါတယ်။ ဝေးလံတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင် နေတဲ့ ဆရာ၊ ဆရာမ တွေအနေနဲ့ ရာထူးတိုး ဖြေဖို့ သွားလာရတဲ့ စရိတ်စက တွေနဲ့ ဝန်ပိ စေပါတယ်။ ဒါကြောင့် ပညာရေး ဝန်ကြီးဌာန ဝန်ကြီး ဒါမှမဟုတ် တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးတာမျိုး လုပ်သွားမယ်။ ဆရာတွေရဲ့ ကိုယ်စား အဖွဲ့ချုပ်က ဦးဆောင် လုပ်ပေးတာပါ။ သူတို့ဘက်က ဒါတွေကို လက်ခံ၊ မခံတော့ အာမ မခံနိုင် သေးဘူး'' ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဆရာ ဦးဇော်မျိုးလှိုင် က ပြောသည်။

ပညာရေး ဝန်ထမ်းများ အနေဖြင့် မူလတန်း လုပ်သက် သုံးနှစ်နှင့် ငါးနှစ်ပြည့် ပါက ရာထူး တိုးမြှင့်မှုများ ရှိသော်လည်း စာမေးပွဲ ဖြေဆို ရခြင်းကို နှစ်သက်မှု မရှိသဖြင့် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။ ထို့ကြောင့် ယင်းနှင့် ပတ်သက်၍ မေလဆန်းတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကို ၂ဝ၁၄ ခုနှစ် မေလတွင် တက္ကသိုလ် ဆရာများသမဂ္ဂ (UTA) မှ ဆရာများကို အခြေခံ၍ စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ဦးရေ စုစုပေါင်း ၄ဝဝဝ ကျော်ရှိသည်။

ဇာဏီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...