Social Icons

Pages

Monday, January 25, 2016

Dragon အာကာသယာဉ်၏ တွန်းကန်စနစ်ကို Space-X စမ်းသပ်တွန်းလွှတ်ခဲ့ရာ အောင်မြင်မှုရရှိ



ဝါရှင်တန် ၊ ၂၅-၁-၂၀၁၆

နာဆာ၏ အာကာသ ခရီးစဉ်များကို ပြေးဆွဲပျံသန်း ပေးမည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော Space-X သည် အာကာသခရီးစဉ် များတွင် အသုံးပြုသွားမည့် Dragon အာကာသယာဉ်၏ Thruster တွန်းကန်စနစ်ကို အချိန် ငါးစက္ကန့်ထက် မနည်း စမ်းသပ် တွန်းလွှတ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

စမ်းသပ်စဉ်က အာကာသယာဉ် ပေါ်တွင် လူမပါရှိသော်လည်း လူလိုက်ပါမည့် အလေးချိန်နှင့် တူညီအောင် ပြုလုပ်ထားပြီး အာကာသယာဉ်သည် လျှပ်ပြေးဝဲပျံ နိုင်ခြင်း ရှိ၊ မရှိကို စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ Thruster များကို အချိန်ငါးစက္ကန့် ကြာအောင် ဖွင့်ထားပြီး လျှပ်ပြေး ဝဲပျံနိုင်ခြင်း စမ်းသပ်မှု အောင်မြင် ခဲ့သည်။ ထိုစမ်းသပ်မှု အရ Dragon ၏ အင်ဂျင်ဖွဲ့စည်းပုံ အောင်မြင် သွားပြီ ဖြစ်ကြောင်း Space-X မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Dragon အာကာသယာဉ်ကို Super Draco Technology နည်းပညာ ကုမ္ပဏီက တည်ဆောက်လျက် ရှိပြီး ဒုံးလွှတ်စင် ကိုလည်း ၄င်းတို့ကပင် ဆက်လက် တည်ဆောက်သွားမည် ဖြစ်သည်။ Thruster များကို အာကာသယာဉ် ကမ္ဘာ့လေထု ထဲသို့ ပြန်ဝင် လာချိန်၌ အရှိန်သတ်ရန် အသုံးပြုမည် ဖြစ်သည်။ ထို့နောက် ကုန်းမြေပေါ်တွင် ရဟတ်ယာဉ် ဆင်းသကဲ့သို့  ဆင်းသက်နိုင်မည် ဖြစ်ကြောင်း နှင့် Thruster များက အရှိန်ထိန်း ပေးမည်ဖြစ်သည့် အတွက် လေထီး လိုအပ်မည် မဟုတ်ကြောင်း သိရသည်။

Space-X သည် အာကာသမိုင်းတွင် လွှတ်တင်ပြီး ဒုံးကျည်တစ်စီးကို မြေပြင်ပေါ်သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်စေ ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။ Orbital ATK, SNC တို့နှင့်အတူ နာဆာ၏ အာကာသလေကြောင်း ခရီးစဉ် များကို ပြေးဆွဲပျံသန်းရန် နာဆာနှင့် စာချုပ်ချုပ်ဆို ထားသော ကုမ္ပဏီဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က နာဆာနှင့်ပထမဆုံး အကြိမ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က Space-X နှင့် Orbital ATK တို့က ၄င်း စီမံချက်ကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ် အတွင်း ဒုတိယအကြိမ် စာချုပ်ချုပ်ဆို ရာတွင် Sierra Nevada Corporation Space System ကိုလည်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...