Social Icons

Pages

Friday, May 15, 2015

အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သား ၁၂၅ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၅-၅-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း တွင် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ဒုက္ခသည် ၁၂၅ ဦးသည် ယမန်နေ့ ညပိုင်းတွင် ကမ္ဘောဇဘဏ် အုပ်စု၏ ပထမအကြိမ် အခမဲ့ စင်းလုံးငှား MAI လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ပြည်တော်ပြန် ခရီးစဉ်အဖြစ် ခေါ်ဆောင် နိုင်ခဲ့သည်။

မြန်မာ ရေလုပ်သားများ ပြန်လည် ခေါ်ယူနိုင်ရေး အတွက် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဗဟိုအဖွဲ့ မှ ကိုယ်စားလှယ် နှစ်ဦး လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်စားလှယ် တစ်ဦး၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း လေးဦးတို့က အင်ဒိုနီးရှား နိုင်ငံရှိ ဘန်ဂျီနာ၊ တူရယ် နှင့် ဒိုဘိုကျွန်း များပေါ်သို့ သွားရောက် စစ်ဆေး စုံစမ်းမှုများ ဆောင်ရွက် ခဲ့သည်။

စုံစမ်း စစ်ဆေးမှု အရ လူကုန်ကူး ခံရသူများသည် စုစုပေါင်း မြန်မာ ရေလုပ်သား ၅၃၅ ဦး တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်း ရေလုပ်သား များကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူရေး ဆောင်ရွက် ရာတွင် ကမ္ဘောဇဘဏ် အုပ်စု မှ MAI လေကြောင်းကို စင်းလုံး ငှားရမ်းပြီး လေယာဉ် တစ်ခေါက်လျှင် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် အကုန်အကျ ခံကာ လေးကြိမ် စင်းလုံးငှား အခမဲ့ ခေါ်ယူ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုပထမ တစ်ခေါက်တွင် မြန်မာ ရေလုပ်သား ၁၂၅ ဦး ပြန်လည် ခေါ်ယူခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးမှ ၃၃ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၄ ဦး၊ ရခိုင်ပြည်နယ် မှ ၁၄ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၄ ဦး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)မှ ၁၃ ဦး၊ မွန်ပြည်နယ် မှ ၁၄ ဦး၊ ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) မှ ကိုးဦး၊ မကွေးတိုင်း ဒေသကြီးမှ ခြောက်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ သုံးဦး၊ ကရင်ပြည်နယ် မှ လေးဦး၊ နေပြည်တော် မှ တစ်ဦးတို့ ပါဝင်သည်။

ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသော မြန်မာ ရေလုပ်သား များအား ရန်ကုန်မြို့ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း (ကျိုက်ဝိုင်း) ၌ ခေတ္တ စောင့်ရှောက် ပေးမည် ဖြစ်သည်။ နိုင်ငံသား စိစစ်ရေးကတ် မရှိသူများ၊ ပျောက်ဆုံး သူများ ပါရှိပါက ယာယီ ခရီးသွား လာခွင့်လက်မှတ် ရရှိနိုင်ရေး ဆောင်ရွက် ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ပေးခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့သို့ ရောက်ရှိ လာသည့် ရေလုပ်သား များကို မေ ၁၅ ရက်တွင် နေရပ် အရောက် ပို့ဆောင်ပေး နိုင်ရေးအတွက် လာရောက် ခေါ်ဆောင်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများထံသို့ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

အလားတူ လာမည့်မေ ၁၇ ရက်တွင် ဒုတိယအကြိမ်၊ မေ ၁၈ ရက်တွင် တတိယ အကြိမ်နှင့် မေ ၂၂ ရက်တွင် စတုတ္ထအကြိမ် လေယာဉ် စင်းလုံးငှား အခမဲ့ ခရီးစဉ် အဖြစ် မြန်မာ ရေလုပ်သား ၅၃၅ ဦး ပြည့်သည် အထိ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...