Social Icons

Pages

Saturday, January 17, 2015

အစဉ်အလာကို ထိန်းသိမ်းထားသည့် မန္တလေးဈေးချိုတော်



အစဉ်အလာကို ထိန်းသိမ်းထားသည့် မန္တလေးဈေးချိုတော်

မန္တလေးမြို့ဟု ဆိုလိုက်သည်နှင့် နန်းမြို့ရိုး၊ ကျုံး၊ မန္တလေးတောင် တို့နှင့်အတူ ဈေးချိုတော် နှင့် နာရီစင် တို့ကိုပါ တွဲဖက် မြင်ယောင် တတ်ကြ ပေသည်။ ဈေးချိုနှင့် နာရီစင် သည် ခွဲခြားမရ နိုင်သော မန္တလေး ၏ ဂုဏ်တစ်ရပ် ဟုပင် ဆိုနိုင်သည်။ 

အထက် မြန်မာပြည် မန္တလေးမြို့၏ အကြီးဆုံး ဈေးကြီး ဖြစ်သလို ယခင်ခေတ် အခါက အရှေ့ တောင်အာရှ တွင် အကြီးဆုံး ဈေးကြီးဟု ပင် တင်စား ထားသည်။ မြန်မာနိုင်ငံတွင် မန္တလေး ဈေးချိုတော် နှင့်အတူ ဈေးချိုသူ တို့၏ ယဉ်ကျေး ဖော်ရွေမှု တို့က ကျော်ကြားလျက် ရှိသည်။

မန္တလေး ဈေးချိုတော်ကို ၁၂၆၅ ခုနှစ်တွင် တည်ခဲ့ပြီး ၁၈၇၆ ခုနှစ်တွင် ထပ်မံ ပြင်ဆင် တိုးချဲ့ခဲ့သည်။ ၁၉ဝ၂ ခုနှစ်တွင် မီးသင့်ခံ ခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင်လည်း လေးထပ် အဆောက်အအုံ ကို ထပ်မံတိုးချဲ့ ဆောက်လုပ် ခဲ့သည်။ ယခုအခါ မန္တလေး ဈေးချိုတော် သည် ခေတ်နှင့် အညီ ဖွံ့ဖြိုး တိုးတက်ကာ မန္တလေးမြို့၏ ကုန်သွယ်မှု အချက်အချာ ကျသော နေရာတစ်ခု အဖြစ် ရပ်တည် နေခဲ့သည်။ ပြုပြင်မှု အဆင့်ဆင့် တွင် နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ အထပ်မြင့် အဆောက်အအုံ များ တည်ဆောက်ကာ မန္တလေး မြို့ကြီးကို အပေါ်မှ ကြည့်မြင် နိုင်နေပေသည်။ မန္တလေး ဈေးချိုတော် တစ်ဝိုက်သည် လူအစည် ကားဆုံးနေရာ တစ်ခုပင် ဖြစ်သည်။

ထိုမျှ စည်ကားသော နေရာ တစ်ဝိုက်တွင် ထူးခြားစွာ ရှင်းလင်း နေတတ်သည့် နေ့တစ်နေ့ ရှိပေသည်။ ထိုနေ့မှာ ဥပုသ်နေ့ ပင်ဖြစ်သည်။ မန္တလေး ဈေးချိုတော် သည် ဥပုသ်နေ့တိုင်း ပိတ်သော ကောင်းမွန်သည့် အစဉ်အလာ ရှိပြီး မန္တလေးသူ၊ မန္တလေး သား တို့၏ ဘာသာရေး ကိုင်းရှိုင်းမှုကို ပြသ နေလျက် ရှိနေပေသည်။ ထို့ပြင် ဈေးချိုတော် ၏ ချစ်စရာ့ ဓလေ့မှာ ဈေးချိုတော် ရုံတိုင်းတွင် နှစ်စဉ် ကထိန်ခင်း ကြခြင်းပင် ဖြစ်သည်။ ဘာသာတရား ကိုင်းရှိုင်းပြီး ယဉ်ကျေး ပျူငှာစွာ ဆက်ဆံ တတ်သည့် ဈေးချိုတော် အဖြစ် ဈေးချိုသူ၊ ဈေးချိုသား တို့က ကောင်းဂုဏ်ကို ဆက်လက် ထိန်းသိမ်းထား ကြသည်။

ခေတ်မီဖွံ့ဖြိုး တိုးတက် လာသော ယနေ့ အချိန်အထိ မန္တလေး ဈေးချိုတော် သည် ဥပုသ်နေ့တိုင်း ပိတ်သည့် အလေ့အထ ကို ထိန်းသိမ်းကာ ဘာသာရေး ကိုင်းရှိုင်းမှု ကို လက်တွေ့ သက်သေပြ နေသော နေရာတစ်ခု အဖြစ် တည်ရှိ နေပေရာ ဈေးချိုသူ၊ ဈေးချိုသား များသာမက မန္တလေးမြို့သူ၊ မြို့သား အားလုံး အတွက် ဘာသာရေး အငွေ့အသက်၊ ယဉ်ကျေးမှု အငွေ့အသက်၊ ဖော်ရွေမှု အငွေ့အသက် တို့ ထုံမွမ်းကာ မြန်မာ့ ယဉ်ကျေးမှု ဆက်လက် ထိန်းသိမ်းရာ နေရာတစ်ခု အဖြစ် ဂုဏ်ယူဖွယ် တည်ရှိ နေပါ တော့သည်။ 

တိမ်တမန်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...