Social Icons

Pages

Friday, December 5, 2014

KIA လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးခံထားရသူ လူငယ်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေး ကော်မရှင် ၊ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များထံ တိုင်ကြား


နေပြည်တော် ၊ ၅-၁၂-၂၀၁၄

KIA လက်နက်ကိုင် အဖွဲ့သည် တစ်ဖက်တွင် နိုင်ငံတော် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပါဝင် တက်ရောက် နေသော်လည်း အခြား တစ်ဖက်တွင် အတင်းအဓမ္မ လူသစ်စုဆောင်း အင်အားတိုးချဲ့ခြင်း နှင့် ထိုသို့ အင်အားတိုးချဲ့ရန် အတွက် လိုအပ်သော ငွေကြေးရရှိရန် သစ်မှောင်ခို၊ ကျောက်မျက် နှင့် သတ္တုမှောင်ခို၊ မူးယစ်ဆေးဝါး စိုက်ပျိုး/ ထုတ်လုပ်ခြင်းများ၊ ဆက်ကြေး ကောက်ခံခြင်း များကို အရှိန်အဟုန် မြှင့်လျက် မတရား လုပ်ဆောင် နေကြောင်း နယ်မြေခံ သတင်းထောက် များထံမှ သတင်း ရရှိသည်။ 

လူသစ် စုဆောင်းရာတွင် ရိုးသားစွာ လုပ်ကိုင် စားသောက်နေသော တိုင်းရင်းသား လူငယ်များအား အတင်းအကျပ် ခြိမ်းခြောက် ချုပ်နှောင် ဖမ်းဆီးပြီး KIA ၏ စခန်းများဖြစ်သည့် တပ်မဟာ(၅)၊ ရင်း(၃)ရှိရာ ဆိုင်းအောင် စခန်း၊ မုန်ဆမ်ယန် စခန်း၊ ဝေကြိုင်ဘွမ် စခန်းတို့တွင် တပ်သားသစ် နှင့် အကြပ်လောင်း သင်တန်း၊ ဗိုလ်လောင်း သင်တန်းများ ဖွင့်လှစ်ပြီး အစားအသောက် ဝလင်စွာ မကျွေးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူမျိုးရေးခွဲခြား ဖိနှိပ်ဆက်ဆံခြင်း များကြောင့် အသက် အန္တရာယ်ကြား မှ ထွက်ပြေးလာသူ အများအပြား ရှိနေကြောင်းနှင့် KIA မှ လိုက်လံ ဖမ်းဆီး၊ သတ်ဖြတ်လျက် ရှိကြောင်း မကြာမီ ရက်ပိုင်း အတွင်းက ဒုက္ခ ဆင်းရဲမှ လွတ်မြောက် လာသူ ရခိုင်၊ ရှမ်း၊ ဗမာ၊ ပလောင်လူငယ် တို့၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။ 

ဒေသခံများ၏ သား၊ သမီးများ ဖမ်းဆီးခံရပြီး မလွတ်မြောက် သေးသူများ အန္တရာယ် ကင်းရှင်းစွာဖြင့် မိဘများ၏ ရင်ခွင်တွင်းသို့ ပြန်လည် ရောက်ရှိရေး အတွက် လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များထံသို့ တင်ပြ တိုင်ကြား ထားရှိကြောင်း သိရှိရသည်။(၁ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...