Social Icons

Pages

Wednesday, December 3, 2014

ရွာသာကြီးဘူတာ မှ ဟံသာဝတီလေဆိပ် သို့ ပြေးဆွဲမည့် အမြန်ရထားလမ်း ဖောက်လုပ်မှု ယခုနှစ်ကုန် စတင် အကောင်အထည် ဖော်မည်


ရန်ကုန် ၊ ၃-၁၂-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရွာသာကြီးဘူတာ မှ အသစ် တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆက်သွယ်မည့် အမြန်ရထား လမ်းဖောက် လုပ်မှုအား ယခုနှစ် အကုန်ပိုင်းတွင် စတင် အကောင် အထည်ဖော် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ် အသစ်သို့ ချိတ်ဆက် ဖောက်လုပ် ထားသည့် ရထားလမ်းကြောင်း မရှိသေးသည့် အတွက် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖောက်လုပ်ရာတွင် အလွယ်ကူဆုံး နှင့် လျင်မြန်မှု အရှိဆုံးကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း၊ ရွာသာကြီးဘူတာ သည် ဟံသာဝတီ လေဆိပ်သို့ ချိတ်ဆက်ရန် အလွယ်ကူဆုံး လမ်းကြောင်း ဖြစ်သောကြောင့် ရွေးချယ်ရခြင်း ဖြစ်ပြီး လက်ရှိတွင် စီစဉ်ထားဆဲ ဖြစ်ရာ မည်သည့် ကုမ္ပဏီနှင့် ဖောက်လုပ်မည်၊ မည်မျှ ကုန်ကျစရိတ် ရှိမည်ကို ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယင်းအစီအစဉ် ရေးဆွဲမှုများတွင် ရွာသာကြီးဘူတာ မှ ဟံသာဝတီ လေဆိပ်သို့ ရထားလမ်းကြောင်း အသစ် ဖောက်လုပ်ပြီးစီး ပါက အမြန်ရထားများ ပြေးဆွဲ ပေးသွားမည် ဖြစ်သည်။ ရထားလမ်းကြောင်း အသစ် ဖောက်လုပ်ခြင်းဖြင့် ရထားစီး ခရီးသည်များ တိုးတက် လာမည့်နည်းတူ မြန်မာနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသည်များ သွားလာရေး အဆင်ပြေ လာစေမည် ဖြစ်သည်။

ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာနိုင်ငံတွင် အကြီးဆုံး လေဆိပ်အဖြစ် တည်ဆောက် သွားမည်ဖြစ်ပြီး စီမံကိန်း အတွက် ဂျပန် အစိုးရထံမှ ODA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော် ရယူသွားမည် ဖြစ်ကြောင်း၊ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံကာYongnam CAPE-JGC Consortium ကုမ္ပဏီမှ ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။


စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...