Social Icons

Pages

Monday, December 8, 2014

ဆေးလိပ်သောက်သော အမျိုးသားများတွင် အဖို ခရိုမိုဇုန်း ပျောက်ဆုံး


လန်ဒန် ၊ ၈-၁၂-၂၀၁၄

ဆေးလိပ် သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်ရာဝယ် အမျိုးသားများ၏ သွေးဆဲလ်များမှ Y-Chromosome များလည်း ဆေးလိပ် သောက်သည့်နှုန်း အတိုင်း လျော့နည်းသွားလေ့ ရှိပြီး အပြီးတိုင် ပျောက်ကွယ် သွားနိုင်ကြောင်း ဆွီဒင်နိုင်ငံမှ သုတေသီ များက သတိပေးချက် ထုတ်ပြန် ထားသည်။

သွေးဆဲလ်များမှ Y-Chromosome ပျောက်ကွယ် သွားခြင်းကြောင့် ဆဲလ်သေဆုံးမှု မဖြစ်ပေါ် သော်လည်း ယင်းဆဲလ်များ၏ ဇီဝလုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေကြောင်း၊ Y-Chromosome များသည် ကင်ဆာကို တိုက်ဖျက်ရာ တွင် အလွန် အရေးကြီးသော အေးဂျင့်များ ဖြစ်ကြောင်း၊ ဆေးလိပ်ကို လွန်ကဲစွာ သောက်ခြင်းကြောင့် Y-Chromosome လျော့နည်းခြင်း၊ ပျောက်ကွယ်ခြင်းကို ခံစားရသော အမျိုးသားများတွင် ကင်ဆာ ဖြစ်ပွားနိုင်ခြေ အလွန် မြင့်မားကြောင်း၊ ထို့ကြောင့် ဆေးလိပ် သောက်သော အမျိုးသမီး များထက် အမျိုးသား များတွင် ကင်ဆာ ပို၍ ဖြစ်ပွားကြောင်း ဥပ္ပါဆလာ တက္ကသိုလ်မှ သုတေသီ Lars Forsberg က ရှင်းပြသည်။

ထို့ပြင် Y-Chromosome သည် ပုလ္လိင်နှင့် ဣတ္ထိလိင် တို့ကို ခွဲခြားပေးသော ခရိုမိုဇုန်းဖြစ်ပြီး အမျိုးသားများတွင် X-Chromosome နှင့် Y-Chromosome နှစ်မျိုးရှိကာ အမျိုးသမီး များတွင် X-Chromosome နှစ်ခုပါရှိသည်။

ပုံမှန်အားဖြင့် ဆဲလ်မျိုးကွဲမှု ဖြစ်ပွားစဉ်တွင် ခရိုမိုဇုန်းများ အားလုံးကို မိတ္တူပွားယူကာ သမီး ဆဲလ်အသစ် နှစ်ခုအဖြစ် သိုလှောင်ထားလေ့ ရှိသော်လည်း ရံဖန်ရံခါ အချို့  ခရိုမိုဇုန်းများ ပြုတ်ကျန်ခဲ့လေ့ ရှိသည်။ ထိုသို့ ပြုတ်ကျန်ခဲ့သော ခရိုမိုဇုန်း ကြောင့် ဖြစ်ပေါ်လာသည့် ဆဲလ်အသစ်လည်း သေဆုံးသွားလေ့ ရှိသော်လည်း ဆဲလ်များသည် Y-Chromosome မပါရှိဘဲလည်း အသက်ရှင်သန် နိုင်သည်။

Y-Chromosome များ ပျောက်ကွယ် သွားတတ်သည်ကို သိပ္ပံပညာရှင် များ သိရှိခဲ့သည်မှာ နှစ်ပေါင်း ၅ဝ မကတော့ဘဲ သက်ကြီးပိုင်းတွင် Y-Chromosome ပျောက်ဆုံးမှု ပိုသည်မျှကိုသာ သိရှိခဲ့ကြ ရာဝယ် Y-Chromosome လျော့နည်း ခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ဆေးလိပ်သောက်သော အမျိုးသားများတွင် Y-Chromosome ပျောက်ဆုံးမှု ပိုများသည်ကို ယခု လေ့လာ သိရှိခဲ့ကြခြင်း ဖြစ်သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Smoking Makes Y Chromosome Disappear in Men, Shortens Life Span and Increases Cancer Risk: Study

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...