Social Icons

Pages

Tuesday, December 9, 2014

မီးရထား အချက်ပေးစနစ်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် အစားထိုး တပ်ဆင်မည်



ရန်ကုန် ။ ၉-၁၂-၂၀၁၄

ရန်ကုန်မြို့တွင်း နှင့် အနီးတစ်ဝိုက်၌ လက်ရှိ အသုံးပြုနေသော မီးရထား အချက်ပေး စနစ်များကို အဆင့်မြင့် ဒစ်ဂျစ်တယ် စနစ်များဖြင့် အစားထိုး ပြောင်းလဲ တပ်ဆင် သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ဒစ်ဂျစ်တယ် စနစ်သုံး အချက်ပြ စနစ်များ ပြောင်းလဲ တပ်ဆင်ခြင်းကို လာမည့် သုံးနှစ်အတွင်း အပြီး ဆောင်ရွက် သွားရန် စီစဉ်ထားပြီး လက်ရှိစနစ် များသည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်က တပ်ဆင်အသုံး ပြုခဲ့သော စနစ်ဟောင်းများ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းလဲ တပ်ဆင်ရန် စီစဉ်ရခြင်း ဖြစ်သည်။

ထို့အပြင် မီးရထားများ ပိုမို အဆင်ပြေ ချောမွေ့စွာ သွားလာ နိုင်စေရန်၊ ရထားများ ပြေးဆွဲမောင်းနှင် ရာတွင် ကြုံတွေ့နိုင်သော မတော်တဆ ဖြစ်ပွားမှုများ လျော့နည်း စေရန်နှင့် ခရီးသွား ပြည်သူများ ဘေးအန္တရာယ် ကင်းစွာ ခရီးသွားလာ နိုင်စေရန် ရည်ရွယ်၍ လိုအပ်သည် များကို အဆင့်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒစ်ဂျစ်တယ် မီးရထား အချက်ပေး စနစ် အဆင့်မြှင့် တင်ရန် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် လုပ်ဆောင် သွားမည် ဖြစ်ရာ ယင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်မည့် ဂျပန် လုပ်ငန်းရှင် များကို ယခုလအတွင်း ဂျပန်နိုင်ငံ၌ တင်ဒါဖွင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်မြို့တွင်း နှင့် အနီးတစ်ဝိုက် ဒေသများရှိ မီးရထားလမ်းများ၊ ရန်ကုန်မှ ပြွန်တန်ဆာ အထိ ရထားလမ်း တစ်လျှောက်ရှိ ရထားအချက်ပြ မီးပွိုင့်ဟောင်းများ ကို အစားထိုး တပ်ဆင်မည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မှ စတင်ကာ ၂ဝ၁၇ ခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒစ်ဂျစ်တယ် စနစ်သုံး ရထားအချက်ပြ မီးပွိုင့်များ ပြောင်းလဲ တပ်ဆင်ပြီး နောက်ပိုင်းတွင် ရထားဆိုက် ရောက်ရာ အချိန်နှင့် နေရာတို့ကို စောင့်ကြည့် ထိန်းချုပ် သွားမည့် Control Center တစ်ခုကိုလည်း ရန်ကုန် ဘူတာကြီး၌ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...