Social Icons

Pages

Tuesday, December 9, 2014

ယခု ဘဏ္ဍာနှစ်ကုန်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် ၀င်ရောက်မှု သုံးသန်းခန့် ရှိနိုင်မည်ဟု ခန့်မှန်း


မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား များကို တွေ့ရစဉ်

ရန်ကုန် ၊ ၉-၁၂-၂၀၁၄

ယခု ဘဏ္ဍာနှစ်ကုန် တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုမှာ သုံးသန်းအထိ ရှိလာမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာ လကုန်ပိုင်း အထိ နိုင်ငံခြား ခရီးသွားဧည့်သည် ၂ ဒသမ ၄၁ သန်း ဝင်ရောက်ခဲ့ကာ ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၉ဝ၅ သန်း ရရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ် ကုန်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှု သုံးသန်းခန့် ရှိမည်ဟု မျှော်မှန်းထားပြီး ဝင်ငွေ ၁ ဘီလီယံ ရရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်က နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှု ၁ ဒသမ ဝ၆ သန်းသာ ရှိခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် ၂ ဒသမ ဝ၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၃၄ သန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉၂၆ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ခရီးသွားလုပ်ငန်း ပင်မ စီမံကိန်းကို ရေးဆွဲ ဆောင်ရွက်နေပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန် မဟာဗျူဟာ စီမံကိန်းတွင် ဝန်ဆောင်မှု လုပ်ငန်း အနေဖြင့် ခရီးသွား လုပ်ငန်းကို ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့် ထည့်သွင်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ ဟိုတယ်လုပ်ငန်း များတိုးချဲ့မှု မြင့်တက်လာပြီး ယခုဘဏ္ဍာ နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်ပေါင်း ၁ဝ၇၆ လုံး ခန့်ရှိပြီး အခန်းပေါင်း ၄၂ဝ၃၇ ခန်းထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပမာဏမှာ အောက်တိုဘာ လကုန်ပိုင်း အထိ ကောက်ခံ ထားသော စာရင်းများ ဖြစ်ပြီး ပြီးခဲ့သည့် နှစ်တွင် ဟိုတယ်ပေါင်း ၉၂၃ လုံးနှင့် အခန်းပေါင်း ၃၄၈၃၄ ခန့်သာ ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။ 

အလားတူ ပို့ကုန် မဟာဗျူဟာ စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းတွင် နိုင်ငံတကာ ကုန်သွယ်မှု စင်တာနှင့် ပူးပေါင်းကာ ကယားပြည်နယ် ၌ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ အပေါ် အခြေခံသည့် ခရီးသွားလုပ်ငန်း ဦးစားပေး နေရာအဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ခရီးသွား လုပ်ငန်းကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိတ်ဝင်စားမှု မြင့်တက်နေပြီး ခရီးသွားလုပ်ငန်း ကဏ္ဍ အဆင့် မြှင့်တင်ရေး လုပ်ငန်းများကြောင့် ခရီးသည်များ လည်ပတ်ရန် ပိုမို အဆင်ပြေ လာနိုင်သည်ဟု ခရီးသွား လုပ်ငန်းရှင် များကပြောသည်။

အေဒီမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...