Social Icons

Pages

Tuesday, December 9, 2014

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး


ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

ယနေ့ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ အဓိကအားဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှု လျှော့ချနိုင်ရေး၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး၊ ရေကောင်း ရေသန့်၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။

ယခုကဲ့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော် အနေဖြင့်လည်း ဦးစားပေး မူဝါဒများ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းများ ဖြစ်သည့် လျှပ်စစ်မီး ရရှိရေး နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အစီအမံများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် ပေးလျက် ရှိသည်။

နိုင်ငံတော် သမ္မတက ရေဒီယို မိန့်ခွန်းတစ်ခု တွင် ''ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို အမျိုးသား အဆင့် စီမံချက်များ ချမှတ်ပြီး ဦးစားပေး လုပ်ငန်းများ အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အမျိုးသား ကျန်းမာရေး တည်ဆောက်မှု၏ အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်သည့် သန့်ရှင်းသော သောက်သုံးရေ ရှိရေးအတွက် မိမိတို့နိုင်ငံမှာ ရရှိနေပြီ ဖြစ်သည့် ရေ အရင်းအမြစ် များစွာကို ပေါင်းစည်း ထားသော ရေစီမံခန့်ခွဲမှု စနစ်နှင့် ထိရောက်စွာ အသုံးချ နိုင်ရန် အမျိုးသားရေး လိုအပ်ချက် အဖြစ် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း '' ပြောကြားသွား ခဲ့သည်။

တစ်ချိန်တည်း တွင် ကျေးလက်ဒေသ မီးလင်းရေး တွင်လည်း ဒေသ အခြေအနေ နှင့် လိုက်လျော ညီထွေစွာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်၊ ရုပ်ကြွင်း လောင်စာစွမ်းအင်၊ ဇီဝစွမ်းအင် စသည့် စွမ်းအင်စနစ် အမျိုးမျိုးဖြင့် ဆောင်ရွက် ပေးနေသည်ကို တွေ့ရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် နိုင်ငံတော်၏ ဦးစားပေး အချက်များနှင့် အတူ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး သည်လည်း အရေးပါသည်။ ဆက်သွယ်ရေး နည်းပညာ တိုးတက် လာမှု၏ အကျိုးဆက်ကြောင့်၊ ကမ္ဘာ့မြေကြော၊ ရေကြော ကျုံ့ကာ ရွာကြီးတစ်ရွာ ဆိုငြား သော်လည်း မြန်မာ နိုင်ငံ၏ ပထဝီ အနေအထား အရ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး သည် အဓိကကျ နေဆဲ ဖြစ်သည်။

ကျေးလက်မြို့ပြ ရာသီမရွေး၊ အချိန်မရွေး သွားလာနိုင်ကြ၊ ကျေးလက် လျှပ်စစ်မီး လုံလောက်စွာ ရရှိကြ၊ သောက်သုံးရေ ဖူလုံစွာ ရရှိကြ ပါက ကျန်ရှိသော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ မှာလည်း ကျွဲကူးရေပါ ဆိုသကဲ့သို့ အုံနှင့်ကျင်း နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

သို့ဖြစ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကို နိုင်ငံတော်နှင့် အတူ နိုင်ငံတကာ အဖွဲ့အစည်း များ ပြည်တွင်း၊ ပြည်ပ  စေတနာရှင် များနှင့် ပြည်သူ ပြည်သား အပေါင်းတို့က ဝိုင်းဝန်းကူညီ ပံ့ပိုး ပေးကြမည် ဆိုလျှင် နိုင်ငံတော် တစ်ဝန်းလုံး၏ ဖွံ့ဖြိုးတိုးတက် မှုသည်လည်း အရှိန်အဟုန် မြင့်တက် လာမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...