Social Icons

Pages

Tuesday, September 9, 2014

ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက် ရှိ အန္တရာယ်ဖြစ်နိုင်သည့် မိုင်တိုင် (၁၈)ခုကို အဝေးပြေးယာဉ်များ သိရှိစေရန် ထုတ်ပြန်


မန္တလေး ၊ ၉-၉-၂၀၁၄

ယာဉ် မတော်တဆမှုများ ၊ အသက် သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိသော ရန်ကုန် - မန္တလေး အမြန်လမ်း တစ်လျှောက်ရှိ ယာဉ်အန္တရာယ် အများဆုံး ဖြစ်ပွားနိုင်သည့် မိုင်တိုင် ၁၈ ခုကို နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှ ကြိုတင် ပြင်ဆင်မှု များဖြင့် သတိထား နိုင်စေရန် စက်တင်ဘာ ၄ ရက်က သတင်း ထုတ်ပြန် ထားကြောင်း မန္တလေး - ရန်ကုန် ခရီးသည်တင် အဝေးပြေး ယာဉ်လိုင်း များမှ သိရသည်။

ယခု သတင်း ထုတ်ပြန်ပေးမှု သည် ယခင်က ယာဉ် မတော်တဆမှု ဖြစ်ပွားမှု အများဆုံး နေရာများ ဖြစ်သည့် အတွက်ကြောင့် ထုတ်ပြန်ခြင်းမျိုး မဟုတ်ဘဲ မိုးရာသီ ကာလအတွင်း လမ်းများပေါ်တွင် ရေဝပ် သောကြောင့် အန္တရာယ် ဖြစ်နိုင်သည့် နေရာများကို သတိထား နိုင်ရန်အတွက် ထုတ်ပြန် ထားခြင်း ဖြစ်သည်ဟု သိရသည်။ 

ရန်ကုန် - မန္တလေး အမြန် လမ်းပေါ်ရှိ ထိခိုက်မှု အများဆုံး ဖြစ်ပေါ်နိုင်သော အန္တရာယ်ရှိ မိုင်တိုင်များမှာ လှည်းကူး မြို့နယ်ရှိ မိုင်တိုင် (၂) (၆) (၇) (၈)၊ ပဲခူးမြို့ ရှိ မိုင်တိုင် (၂၇/၇) နှင့် (၂၈/ဝ) ကြား၊ မိုင်တိုင် (၃၃/၇) နှင့် (၃၄/ဝ) ကြား၊ ဒိုက်ဦးမြို့နယ် မိုင်တိုင် (၄၉/ဝ) နှင့် (၅၂/၄) ကြား၊ ကျောက်တံခါး မြို့နယ်ရှိ မိုင်တိုင် (၈၄/ဝ)၊ (၈၉/ဝ) နှင့် (၁ဝဝ/ဝ) ကြား၊ ဖြူးမြို့နယ်ရှိ မိုင်တိုင် (၁၁၅)၊ ရေတာရှည် မြို့နယ်ရှိ မိုင်တိုင် (၁၆၄/ဝ) နှင့် (၁၆၅/ဝ) ကြား၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မိုင်တိုင် (၂ဝ၁/၅) နှင့် (၂ဝ၁/၆) ကြားတို့ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

''အမြန်လမ်းပေါ်မှာ အခုလို အန္တရာယ်ရှိတဲ့ နေရာတွေကို သတိပေး ထုတ်ပြန် ပေးတာဟာ အလွန်ကောင်း ပါတယ်။ ကျွန်တော်တို့ ယာဉ်လိုင်းတွေက ယာဉ်မောင်းတွေ အကုန်လုံးအတွက် အန္တရာယ် ကင်းရှင်းစွာ မောင်းနှင် နိုင်တာပေါ့။ မိုးရာသီဆိုရင် ယာဉ်မောင်းတွေ အကုန်လုံး အမြန်လမ်းမှာ သတိကြီးစွာနဲ့ မောင်းနှင် နေကြရတာပါ။ အမြန်လမ်းမှာ အကွေ့ကြီး၊ အဆင်းကြီးတဲ့ နေရာတွေ ဆိုရင် မိုးတွင်းမှာ စလစ်ဖြစ်နိုင်တဲ့ အတွက် အခုလို သတိပေးချက် ထုတ်ပြန် ပေးတာဟာ အမြန်လမ်း အသုံးပြုသူ အားလုံး အတွက် အလွန်ကောင်း ပါတယ် .. .. '' ဟု ယာဉ်လိုင်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး  စတင် ဖွင့်လှစ်ခဲ့သည့် ၂ဝဝ၉ ခုနှစ် မတ်လ ၂၅ ရက်မှ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ ၂၂ ရက်အထိ ယာဉ် မတော်တဆမှု ကြောင့် သေဆုံးသူ ၃၅၃ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၁ဝ၈၄ ဦး ရှိခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့၏ စာရင်းများ အရ သိရှိရပြီး ယခုအခါ တွင် ရန်ကုန် - မန္တလေး အမြန်လမ်း တစ်လျှောက် ယာဉ် မတော်တဆမှု နှင့် သေဆုံးမှု ထက်ဝက်ကျော် လျော့နည်း လာသည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ယခုနှစ် ဧပြီလ အတွင်း ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် ယာဉ် မတော်တဆ မှုပေါင်း ၆ဝ ၊ သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရရှိသူ ၁၃၉ ဦး အထိရှိခဲ့ပြီး သြဂုတ်လ အတွင်း ၌ ယာဉ် မတော်တဆမှု ၂၅ မှု၊ သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၇၂ ဦး အထိ လျော့ကျ လာခဲ့သည်ဟု သိရသည်။ DHW

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...