Social Icons

Pages

Tuesday, September 9, 2014

မိုးပိတောက်တို့ ပန်တော်မမီ


မိုးပိတောက်တို့ ပန်တော်မမီ

ကိုမောင်နိုင် (အမရပူရ)

သြဂုတ်လ၏ နောက်ဆုံးပတ် မန္တလေးမိုး သည် အတော်သည်း၏။ မိုးနတ်မင်း သည်လည်း အလွန အလိုက်သိ တတ်လာ၏။ နေ့ပိုင်းတွင် မရွာ၊ ညပိုင်းတွင် ရွာ၏။ အရုဏ်ဦးတွင် စင်စင် လင်း၏။

မန္တလေးသူ၊ မန္တလေးသား များသည် အရွယ်ဦး အစမှ နေ၍ ဟိုး အရွယ်နှောင်း ပိုင်းများအထိ မိုးကြောက်၏။ မိုးရွာလျှင် အပြင်မထွက်၊ အလုပ်မသွား၊ ကျောင်းမသွား၊ အညာမိုး မိလျှင် ဖျားတတ်သည် ဟူသော မည်သည့် ရာစုမှစခဲ့သော အယူအဆ ဟူ၍ မည်သူမျှ မသိ။ အောက်ပြည် မှ သူငယ်ချင်း များက ပြောကြ၏။ ငါတို့ဆီများ မိုးရွာလို့ အပြင်မထွက်၊ အလုပ်မသွား ကြရင်ဖြင့် မင်းတို့ အညာသားတွေ ငတ်သေ လိမ့်မယ် ဟူသတည်း။ ခြံထောင့်က ပိတောက်ပင် တွင်လည်း သားနှောင်း ပိတောက်ဖူး တို့ အချို့ ပွင့်ကြ၏။ သို့သော် မော့ကြည့် မည့်သူပင် မရှိ။ မိုးရေစက် လေးများဖြင့် အလန်းကြီး လန်းပြ နေသော ပိတောက်မ နွေဦးက မာန်မာနများ ခဝါချ ရရှာလေ ပြီကော။ အခါလွန်ပန်း မိုးပိတောက်တို့ ပန်တော်မမီ ကြရလေပြီ...။

မိမိတို့ မြန်မာ နိုင်ငံတော်သည် အလွန် လျင်မြန်သော နှုန်းဖြင့် အပြောင်း အလဲကြီး ပြောင်းလဲ နေပြီမှာ ကြည့်သော သူတို့ မြင်ကြ ပါလိမ့်မည်။ အသက် ငါးဆယ်နှင့် အထက် ရှိသူများ ပို၍ သိကြ ပါမည်။ အားနည်းချက် ဟူသည်ကား မိမိ အိမ်ထောင်စု လေးငါး ခြောက်ဦးမျှ တွင်ပင် ရှိနေသဖြင့် ပြည်ထောင်စု အတွင်းတွင် လုံးဝ ကင်းစင် နိုင်မည်မဟုတ်။ မုဒိတာ အကြည့်၊ မုဒိတာ အသိဖြင့် မိမိကိုယ် မိမိမှ စတင်၍ ပြင်ကြရုံသာ ရှိမည် ဖြစ်သည်။

ဥပဒေဖြင့် ကျောင်းပြီး ထားသော တူမလေး တစ်ယောက် ရှိ၏။ အလုပ်သမား ရုံးတွင် လေဘာကတ် ဟူသော အလုပ်သမား မှတ်ပုံတင် ထားသည်မှာ ငါးနှစ် ကျော်ပြီဟု ပြော၏။ သူယူ ထားသော ဘွဲ့နှင့် မကိုက်ညီသော အလုပ်များသာ ဖြစ်သဖြင့် ဝင်မလုပ်ဟု ပြော၏။ အချို့သော အလုပ် များသည် သူ၏ ပညာနှင့် မတန်ဟု လည်း ပြော၏။ မိဘက အတန်အသင့် ချမ်းသာ သဖြင့် သမီး ပြောသမျှ ခေါင်း တညိမ့်ညိမ့် နှင့် ပီတိ ဖြစ်နေ ကြ၏။

မိမိလွန်စွာ နှမြောမိ နေသည်။ သူမ၏ ပညာသည် နိုင်ငံတကာတွင် အလွန် အရေးပါ အရာရောက် သော ဥပဒေပညာ ဖြစ်၏။ တီဗွီတွင် လာသော ကိုရီးယားကား များတွင် သူတို့၏ နိုင်ငံတွင် ဥပဒေ ပညာရှင်သည် အလွန် မျက်နှာ ပွင့်လန်း၏။ အလွန် အရေးပါ အရာရောက်၏။ မိမိတို့ နိုင်ငံတွင်မူ မိမိ၏ တူမလေးမှ စ၍ အချို့ အချို့သော ဘွဲ့ရများ၊ ပညာရှင်များ အချို့သည် တလွဲမာန များဖြင့် ရီဝေ နေကြသည်။ လတ်တလော ရောက်ရှိ ရင်ဆိုင် နေရသော စက္ကန့်ပိုင်း လေးသည် မိမိအတွက် အကောင်းဆုံး အချိန် ဆိုသည်ကို သူတို့ သတိမပြု မိကြ။ တစ်လောက သတင်းစာတွင် ဖတ်လိုက် ရ၏။ နေ့စား၊ လပေး ဝန်ထမ်း လျှောက်လွှာတွင် ပီအိပ်ခ်ျဒီ ဘွဲ့ရ တစ်ယောက် ပါဝင် လျှောက်ထား သည်ဆိုသော သတင်းပင် ဖြစ်သည်။ သူသည် လတ်တလော စက္ကန့်ပိုင်းကို အသုံးချ လိုက်သည် ဟု မိမိ နားလည် မိသည်။ သူ၏ပညာ၊ သူ၏ အရည်အချင်း သည် သူ့အား အထက်သို့ ပင့်ဆောင် ပေးသွား မည်သာ ဖြစ်သည်။ ပညာရေး ပါရဂူဘွဲ့ ကြီးပိုက်၍ သူသည် အမြဲတမ်း နေ့စား၊ လပေး ဝန်ထမ်းဘဝ နှင့် မပြီးဆုံး နိုင်ပေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူသည် အရေးပါသော နေရာတစ်ခု ရရှိမည်မှာ မလွဲပင် ဖြစ်သည်။ ''ပညာရဲရင့် ပွဲလယ်တင့်'' ဟူသော စကားကို သူ အသုံးချ လိုက်ဟန် ရှိသည်။

သူငယ်ချင်း တစ်ယောက်၏ သားသည် မန္တလေး စက်မှုသိပ္ပံ ကျောင်းဆင်း ဖြစ်၏။ သူ အလုပ်စတင် ဝင်ရောက် ရသည်မှာ လမ်းဘေး ရေခဲသေတ္တာ အဲကွန်း ပြုပြင်သော ဆိုင်လေးတွင် အလုပ်သင် ထမင်းစား ကျွန်ခံသာ ဖြစ်၏။ ခုနစ်ရက် တစ်ပတ်တွင် မုန်ဖိုး နှစ်ထောင် ပေးသည်ဟု သိရ၏။ တစ်နှစ်ခန့် ကြာလိုက်၏။ သူ၏ အရည်အချင်း ကို ပိုင်ရှင် ဖြစ်သူက အသိအမှတ် ပြုလာ တော့သည်။ စက်မှုသိပ္ပံ ကျောင်းဆင်း ဖြစ်သဖြင့် ရေခဲသေတ္တာ၊ အဲကွန်း၊ အဝတ်လျှော်စက် စသော ပစ္စည်းများ၏ ပြုလုပ်ချက်၊ ဆောင်ရွက်ချက် စသော အကြောင်းအရာ အစိတ်အပိုင်း များကို သူဖတ်နိုင်၏။ ကျောင်းတွင် စာတွေ့ များသည် လုပ်ငန်းခွင် လက်တွေ့ နှင့် ပေါင်း၍ သူသည် ဆရာတစ်ဆူ ဖြစ်လာ လေတော့သည်။ ယနေ့ ရတနာပုံ တက္ကသိုလ် မှ သင်္ချာ အဓိကဖြင့် ဘွဲ့ရ ရှိခဲ့ပြီး လေပြီ။ (ဘီအက်စီသင်္ချာ ၊ အေဂျီတီအိုင် အီးပီ) ဟူသော အမြီးရှည် ကြီးဖြင့် တစ်လ နှစ်သိန်းကျော် တန် ဆရာကြီး ဖြစ်နေ ချေပြီ။ နောင် တစ်ချိန်တွင် တပည့် များစွာနှင့် ရေခဲ သေတ္တာ၊ အဲကွန်း ပြုပြင်သော ဆိုင် ပိုင်ရှင်ကြီး ဖြစ်လာ ဦးမည် မှာလည်း မလွဲပင် ဖြစ်တော့သည်။

နိုင်ငံတော် ၏ တတိယလှိုင်း သည် အရှိန်အဟုန် ကြီးမားစွာဖြင့် ပြုပြင် ပြောင်းလဲမှုများ ဝေဆာ စွာဖြင့် ဘွဲ့ရ ပညာတတ်များ အခြေခံ လူတန်းစားများ ပါ မကျန်စေအောင် လက်တွဲ ခေါ်ဆောင် နေချိန် ဖြစ်ပေသည်။ မိမိ တို့သည် အကောင်းဆုံး အချိန်တွင် အကောင်းဆုံး လှိုင်းနှင့် အတူ ပါဝင်နိုင်ရန် တလွဲမာန များကို ဘေးဖယ်၍ နွေဦး သင်္ကြန်တွင် ပွင့်သော ပိတောက် ပန်းလေးများကို အပျိုစင်များ တန်ဖိုးထား ထွေးပွေ့ ပန်ဆင်ကြ သကဲ့သို့ ချိန်ခါမီ ပါဝင် ဖူးပွင့်ကြ ရမည်။ ခါတော်မီ ပိတောက်ပန်း များသာ ဖြစ်စေပြီး အခါလွန် မိုးတွင်းမှာ ပွင့်သော မိုးပိတောက် များ မဖြစ်ကြ စေလိုကြောင်း ဖြူစင်သော စိတ်ရင်း ကောင်းဖြင့် ဆန္ဒပြု ဆုတောင်း မိတော့သည်။ အခါလွန် မိုးပိတောက် တို့ကား ပန်တော်မီရိုး ထုံးစံ မရှိပေ...။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...