Social Icons

Pages

Tuesday, September 9, 2014

ကျန်းမာရေး နှင့် လျှပ်စစ် သံလိုက်စက်ကွင်း


ကျန်းမာရေး နှင့် လျှပ်စစ် သံလိုက်စက်ကွင်း

( အယ်ဒီတာ့အာဘော် )

သဘာဝ တရားကြီး အရ နေရာတိုင်းတွင် လျှပ်စစ်လှိုင်းများ ရှိ၏။ ကမ္ဘာကြီး တစ်ခုလုံးသည် သဘာဝ လျှပ်စစ်လှိုင်းများ ပြည့်နှက်နေပြီး မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း တို့သည်လည်း အာကာသ မိုးကောင်းကင်တွင် လျှပ်စစ်လှိုင်း အဖိုဓာတ် နှင့် အမဓာတ် တို့ ထိတွေ့ခြင်း ကြောင့် ဖြစ်သည်။

ထို သဘာဝ တရားကြီးကို အတုယူ၍ သိပ္ပံပညာရှင် များက သံလိုက်လှိုင်း များကို ဖန်တီးပြုလုပ် ထားကြသည်။ လူတို့ ဖန်တီး ပြုလုပ် ထားသော သံလိုက်လှိုင်းများ အတွင်း ကျရောက်ပါက လူတို့၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်။ ထို့ကြောင့် လျှပ်စစ် သံလိုက်လှိုင်း များ ကျရောက်သော မဟာဓာတ်အား လိုင်းကြီးများ၊ ကေဘယ်လ်ကြိုး ကြီးများအောက်တွင် လူများ နေထိုင်ခြင်း မပြုသင့်ပေ။

ထို ဓာတ်အားလိုင်း ကြီးများ အောက်တွင် နေထိုင်ပါက သွေးကင်ဆာ ရောဂါကို ဖြစ်ပွား စေနိုင်သည်။ ထို့ပြင် တီဗွီကြည့်ခြင်း၊ တီဗွီဂိမ်း ကစားခြင်း၊ ကွန်ပျူတာဂိမ်း ကစားခြင်း၊ အင်တာနက်ဂိမ်း ကစားခြင်း၊ အင်တာနက် ထိုင်ခြင်း တို့သည်လည်း လျှပ်စစ် သံလိုက်လှိုင်းများ ထွက်စေသဖြင့် ကလေးများ အား အာရုံကြော ထိခိုက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း နှင့် သွေးကင်ဆာ ရောဂါ ဝေဒနာ ခံစားရရှိ နိုင်သည်။ ထို့ကြောင့် တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်း တို့ကို ခြောက်ပေ အကွာမှ နေ၍ ကြည့်သင့် ပေသည်။

အလားတူ ဓာတ်မှန် ရိုက်ခြင်း၊ MRI ရိုက်ခြင်း တို့သည်လည်း လျှပ်စစ်သံလိုက် လှိုင်းများ ထွက်၏။ ထို့ကြောင့် ဓာတ်မှန် ရိုက်ခြင်း၊ MRI ရိုက်ခြင်း တို့သည်လည်း လူတို့၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။ MRI သည် သံလိုက်အားသုံး ဓာတ်မှန် ဖြစ်သောကြောင့် မလိုအပ်ဘဲ ဓာတ်မှန် မရိုက်သင့်ပေ။ Hair Dryer သည်လည်း လျှပ်စစ်သံလိုက် ဓာတ်အား ဖြစ်ပေါ်သဖြင့် တစ်ပေ၊ နှစ်ပေ အကွာမှနေ၍ သုံးသင့်သည်။

ထို့အတူ မိုဘိုင်းလ်ဖုန်း၊ လက်ကိုင်ဖုန်း တို့သည်လည်း လျှပ်စစ် သံလိုက်အား ထွက်ပေါ်သဖြင့် ၁ဝ နှစ်အောက် ကလေးများ မသုံးသင့်ပါ။ လက်ကိုင်ဖုန်း မှ ထွက်သော ရောင်ခြည်လှိုင်း များက မျိုးရိုးဗီဇကို ပျက်စီး စေနိုင်သည်။ ကလေးများ၏ ဦးခေါင်းခွံသည် လူကြီးများထက် ပိုမို ပါးသောကြောင့် ဦးနှောက်နှင့် အာရုံကြောကို ထိခိုက် နိုင်သည်။ မိုဘိုင်းလ်ဖုန်းကို တစ်နေ့ လေးနာရီ အထက် သုံးသော အမျိုးသား များတွင် မျိုးမအောင်သော သုက်သွေးများကို ထုတ်လွှတ် စေနိုင်သည်။

ထို့ပြင် မိတ္တူကူးစက် များသည်လည်း သံလိုက်လှိုင်းများ ထွက်ပေါ်သဖြင့် ကိုယ်ဝန်ရှိသော အမျိုးသမီးများ မိတ္တူ ကူးပေးသော အလုပ်ကို မလုပ်သင့်ပါ။ ရေဒီယို၊ ကက်ဆက် များတွင်လည်း သံလိုက်လှိုင်းများ ထွက်ပေါ်ရာ နားနှင့်ကပ်၍ နားမထောင် သင့်ပေ။

သို့ဖြစ်ရာ တိုးတက် လာသော ဆက်သွယ်ရေး နည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာ၊ ရုပ်ဝတ္ထု ပစ္စည်းများနှင့် အတူ လျှပ်စစ် သံလိုက်စက်ကွင်း ပြင်းအားများ သည်လည်း လူသားတို့၏ ကျန်းမာရေး ကို ခြိမ်းခြောက်လျက် ရှိသောကြောင့် သတိဖြင့် သုံးစွဲ သင့်ကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...