Social Icons

Pages

Wednesday, July 16, 2014

အကျိုးပြုသော အခါးတစ်မျိုး


အကျိုးပြုသော အခါးတစ်မျိုး

ကြည်မြင့်လွင် (မုဒြာ)

အခါးဟူသမျှ လေဓာတ်ကြွ၏ ဟူသော စကားရှိသည်။ အာဟာရဗေဒ ဆေးပညာတွင် အခါးကို လေဓာတ်ကြွ စေသည့် အစာဟု ယူဆသည်။ တိုင်းရင်းမြန်မာ ဆေးပညာခေါ် ဒေသနာနယ ဆေးပညာတွင် လည်း အခါးဓာတ်သည် ဝါယောဓာတ် နှင့် အာကာသဓာတ် နှစ်မျိုး လွန်ကဲသော အရသာဟု ယူဆသည်။ ထို့ကြောင့် အခါးစားလျှင် လေကြွမည်။ လေတိုးမည်။ တစ်နည်း အားဖြင့် သွေးတိုး နိုင်သည်ဟု ယူဆ ရပေသည်။
`
သို့သော် ယခုအခါ ခေတ်ပေါ် ရောဂါအချို့ကို ကြက်ဟင်းခါးသီး စားခြင်းဖြင့် ပျောက်သည်ဟု သတင်းစုံသည့် လူမှုကွန်ရက် စာမျက်နှာ များတွင် တက်လာသည်ကို တွေ့ရသည်။ ကြက်ဟင်းခါးသီး ကို အရည်ညှစ် သောက်ခြင်းဖြင့် ဆီးချိုရောဂါ အမျိုးအစား (၂)ကို သက်သာ စေသည်။ အသီးရော၊ အရွက်ပါ ရေရှည် စားသုံး ပေးခြင်းဖြင့် ကင်ဆာ ရောဂါ နှင့် အဖျားရောဂါ၊ အပူလောင် ရောဂါ၊ နာတာရှည် ချောင်းဆိုး ရောဂါ၊ အမျိုးသမီးများ သွေးပေါ်ချိန် ကိုက်ခဲသော ရောဂါ၊ ငှက်ဖျား ရောဂါ နှင့် ဗိုင်းရပ်(စ်)ပိုး ကြောင့် ဖြစ်သော ရောဂါအချို့ (ရေကျောက်၊ ဝက်သက်) စသည်တို့တွင် ဟင်းချက် စားသုံးခြင်းဖြင့် ကာကွယ် စေနိုင်ကြောင်း ရေးသား ထားသည်ကို တွေ့ရသည်။ 

အထူးသဖြင့် ဖော်ပြ ထားသည်မှာ Bitter Melon ခေါ် ကြက်ဟင်းခါးသီး သည် ဆေးဖက်ဝင် အသီးအနှံမျိုး ဖြစ်ပြီး ဆီးချိုကို တက်ခြင်းမှ ရပ်တန့် ထားနိုင်သည့် အပြင် ၉၈ ရာခိုင်နှုန်း သော ကြောက်စရာ ကင်ဆာဆဲလ် များကို သတ်ပေး နိုင်သည်ဟု ရေးသား ထားသည်ကို ဖတ်ရှုရသည်။

ကြက်ဟင်းခါးသီး သည် အလွန် ခါးသဖြင့် အရည်ညှစ် သောက်ရန် အခက်အခဲ ရှိသော်လည်း ရရှိသောသတ္တုရည်တွင် သကြားခဲ (သို့မဟုတ်) သကြားဆီ အနည်းငယ် ထည့်၍ သောက်သုံး ခြင်းဖြင့် အခါးအရသာ ဆိုးဆိုးရွားရွား မခံစားရဘဲ သက်သာ စေနိုင် ပေသည်။

ကြက်ဟင်းခါးသီး ကို ဟင်းအဖြစ် ချက်စားရာတွင် ပုစွန်ခြောက်၊ ဟင်းခတ်မှုန့် စသည်များဖြင့် ပြုပြင် ချက်ပြုတ် ခြင်းဖြင့် စားကောင်းသော ဟင်းတစ်ခွက် ဖြစ်နိုင်သည်။ အချို့ကလည်း ကြက်ဟင်းခါးသီး ကို ပါးပါးလှီးပြီး အကြွပ်ကြော် စားခြင်းဖြင့် အခါးဓာတ် ပျောက်သွား စေနိုင်သည်။ ကြက်ဟင်းခါးသီး ကို ပါးပါး လှီးပြီးလျှင် ဆားရေစိမ် စားခြင်းဖြင့် အခါးသက်သာ စေသည်ဟု သိရသည်။

တော ကြက်ဟင်းခါးသီး ကို အထက် မြန်မာနိုင်ငံတွင် ပို၍ နှစ်သက်စွာ စားသုံးကြ သည်ကို တွေ့ရသည်။ ကြက်ဟင်းခါးသီး အသေးလေးများ ဖြစ်ပြီး ချုံနွယ်ကဲ့သို့ တွယ်တက်ကာ တောစပ် ကိုင်းပင်များ ကြားတွင် ပေါက်လေ့ ရှိသည်။ တော ကြက်ဟင်းခါးသီး ချက်လျှင် အစေ့များပါ စားရသဖြင့် ကြက်ဟင်းခါးသီး အစေ့မှရသော ဆေးဖက်ဝင် အကျိုးကို ခံစားရစေ နိုင်သည်။ ကြက်ဟင်းခါး အသီးထက် အစေ့တွင် ပို၍ ဆေးဘက်ဝင် အာနိသင် ရှိသည်ဟု အချို့က ယူဆကြသည်။ အခါးကြိုက် သူများမှာ တော ကြက်ဟင်းခါးသီး ကို ရှာဝယ်လေ့ ရှိသည်။

ကြက်ဟင်းခါးသီး ချက်နှင့် မတည့်သော အစာမှာ ဝက်သားဟင်း ဖြစ်သည်။ ကြက်ဟင်းခါးသီး ချက်နှင့် ဝက်သားဟင်းကို ညစာအဖြစ် စားသုံးပြီး တီဗွီ ကြည့်နေစဉ် ရုတ်တရက် ခေါင်းမူးသည် ပြောကာ လဲကျသွားပြီး ဦးနှောက် သွေးကြောပေါက် သေဆုံးသွားသူ အသက် ၆ဝ ကျော် လူကြီး တစ်ဦးကို တွေ့ရ ဖူးသည်။ လေစာနှစ်မျိုး ပေါင်းစား ခြင်းကြောင့်ဟု ယူဆရသည်။

ရသာခြောက်ပါး စုံအောင်စားမှ ခွန်အားမျှတ၊ ရုပ်ဆင်းလှ၏ ဟူသော စကားအရ အချိုကြိုက် သူများသည် တစ်ပတ်လျှင် တစ်ကြိမ်ခန့် အခါး စားပေးသင့်သည်။ အခါး အရသာတွင် ထူးခြားသော အခါး အရသာ ရှိသော အသီးအနှံမှာ ကြက်ဟင်းခါးသီး ပင် ဖြစ်သည်။ ကြက်ဟင်းခါးသီး တွင်ပါဝင်သော ဆူးတောင်ကဲ့သို့ အဖုများတွင် ရောဂါပိုး ကို သေစေနိုင်သည့် ထူးခြားသော အာနိသင်များ ရှိသည်ဟု ဆိုသည်။

အရသာရှိသော ဆိုးဆေးနှင့် ဓာတုဗေဒ ပစ္စည်းများ ပါသော ခေတ်ပေါ် အစားအစာ များကြောင့် ဖြစ်သော ဆီးချိုရောဂါ အမျိုးအစား (၂)ကို ကြက်ဟင်းခါးသီး ပုံမှန် စားပေးခြင်းဖြင့် ကာကွယ် နိုင်သည်။ အလွန် ကြောက်စရာ ကောင်းသည့် ကင်ဆာရောဂါ ကိုပင် ကာကွယ် နိုင်သည်ဟု ဆိုသဖြင့် တစ်ပတ် တစ်ကြိမ်ခန့် ပုံမှန် စားသုံး သင့်ကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...