Social Icons

Pages

Friday, July 11, 2014

ကောင်းမွန်သော ရွေးချယ်မှုနှင့် မှန်ကန်သောဆုံးဖြတ်ချက် တို့ဖြင့် အနာဂတ်ကမ္ဘာတည်ဆောက်



ကောင်းမွန်သော ရွေးချယ်မှုနှင့် မှန်ကန်သောဆုံးဖြတ်ချက် တို့ဖြင့် အနာဂတ်ကမ္ဘာတည်ဆောက်

ကမ္ဘာ့ လူဦးရေနေ့ကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်က ကြီးမှူး၍ ၁၉၈၉ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ မိသားစု စီမံကိန်း ချမှတ်ခြင်း၏ အရေးပါမှု၊ အမျိုးသား နှင့် အမျိုးသမီး မခွဲခြားဘဲ သာတူညီမျှ ရှိမှု၊ ဆင်းရဲမှု၊ မိခင်များ ကျန်းမာရေး နှင့် လူ့အခွင့်အရေး စသည့် လူဦးရေနှင့် သက်ဆိုင်သော ကိစ္စရပ်များကို သတိမူမိ ကြစေရန် ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီး တို့သည် လူဦးရေ ဆိုင်ရာ ပြဿနာ များနှင့် ဖွံ့ဖြိုး တိုးတက်မှု တို့၏ ဆက်နွှယ်မှု များကို ပြည်သူများ ပိုမို သဘောပေါက် နားလည်စေရန် ရည်ရွယ်၍ ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား များကို နှစ်စဉ် ဇူလိုင် ၁၁ ရက်တွင် ကျင်းပလျက် ရှိသည်။ ကမ္ဘာ့ မိသားစုဝင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၂၅) ကြိမ်မြောက် ရှိပြီ ဖြစ်သည်။

ကမ္ဘာ့ လူဦးရေသည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ တွင် သန်း ၇ဝဝဝ ပြည့်ခဲ့ပြီး၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့ လူဦးရေ သန်း ၉ဝဝဝ ကျော် ရှိမည်ဟု ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်မှန်း ထားသည်။ လူဦးရေ တိုးပွား လာသည်နှင့် အမျှ လိုအပ်ချက် များစွာ ရှိလာမည် ဖြစ်ရာ အနာဂတ်တွင် တွေ့ကြုံ ရမည့် စိန်ခေါ်မှုများ အား ရင်ဆိုင် နိုင်ရန် ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် အဖွဲ့ဝင် နိုင်ငံများက အပူတပြင်း ပြင်ဆင် ဆောင်ရွက်
နေကြရသည်။ တိုးပွား လာသည့် လူဦးရေ အတွက် လုံလောက်သော အစားအစာ စိုက်ပျိုး ထုတ်လုပ်ရေးမှာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ နည်းပါး လာခြင်း၊ စိုက်ပျိုးမြေ နှင့် စိုက်ပျိုးရေ ရှားပါးလာခြင်း တို့ ကြုံတွေ့နေ ကြရခြင်းကြောင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ခေတ်မီ စိုက်ပျိုး ထုတ်လုပ်သည့် နည်းပညာ လိုအပ်ချက် မြင့်မား လာနေပြီ ဖြစ်သည်။ ကမ္ဘာ့ လူဦးရေ၏ ၅ဝ ရာခိုင်နှုန်း ကျော်သည် မြို့ပြတွင် နေထိုင်လျက် ရှိကြရာ ၂ဝ၅ဝ ပြည့်နှစ် ခန့်တွင် အာရှတိုက်ရှိ နိုင်ငံများမှ ပြည်သူ ၇ဝ ရာခိုင်နှုန်း သည် မြို့ပြဒေသ များသို့ ပြောင်းရွှေ့ နေထိုင် ကြလိမ့်မည်ဟု ခန့်မှန်း ထားကြသည်။

လူဦးရေ တိုးပွား လာခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ ရှိလာမည့် အပြင် ပြည်သူတို့၏ အသက်အရွယ် အလိုက် လူမှုရေး ဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရေး သည်လည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၂၅ ရာခိုင်နှုန်း သည် လူငယ်များ ဖြစ်ကြရာ နိုင်ငံတော် အင်အား ဖြစ်သော လူငယ်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး လေ့ကျင့် ပျိုးထောင်၍ ဘဝ အာမခံချက် ရှိရန် အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြ ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေတွင် သက်ကြီး ရွယ်အို ပါဝင်မှုနှုန်းမှာ ၂ဝ၅ဝ ပြည့်နှစ်တွင် ၉ ရာခိုင်နှုန်း ခန့် ဖြစ်လာ နိုင်သည်ဟု ခန့်မှန်းထားရာ သက်ကြီး ရွယ်အိုများ ပြုစု စောင့်ရှောက်ရေး ကိုလည်း တိုးမြှင့် ဆောင်ရွက် ကြရမည် ဖြစ်သည်။

ထောင်စုနှစ် ရည်မှန်းချက် များတွင် မျိုးဆက်ပွား ကျန်းမာရေး နှင့် ဝန်ဆောင်မှု ဆိုင်ရာ ဦးတည်ချက်များ ဖြစ်သည့် ငါးနှစ်အောက် ကလေး သေဆုံးမှု လျှော့ချရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး များ၏ ကျန်းမာရေး အခြေအနေ ပိုမို ကောင်းမွန် လာစေရန်၊ အိပ်ခ်ျအိုင်ဗွီ နှင့် အေအိုင်ဒီအက်စ်၊ ငှက်ဖျားရောဂါ နှင့် အခြား ရောဂါများ တိုက်ဖျက်ရေး တို့အတွက် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်း များ ပိုမို လက်တွဲ ဆောင်ရွက် ကြရန်ဟု
ကုလသမဂ္ဂ အဖွဲ့ကြီးက တိုက်တွန်း ထားသည်။ 

တိုးတက်လာမည့် လူဦးရေ အတွက် များပြားလာမည့် စိန်ခေါ်မှု များကို ကျော်လွှား နိုင်ရန်မှာ ကမ္ဘာ့ပြည်သူ များ၏ ရွေးချယ်မှု နှင့် ဆုံးဖြတ်ချက် တို့အပေါ် မူတည်ကြောင်း ပညာရှင် များက ဟောကိန်း ထုတ်ထားသည်။
လောကနီတိ ၌ အစွမ်းအစ မရှိသူတို့ပင် ဖြစ်စေကာမူ ထိုသူများ စည်းလုံး ညီညွတ်သော အခါ အားကြီးသော ရန်ကို အောင်နိုင်၏။ ဘာမျှ မဖြစ်လောက်သော မြက်ပင် ကလေးများကို စု၍ ကျစ်ထားသော ကြိုးသည် ဆင်ပြောင်ကြီးကို တုပ်နှောင် နိုင်၏ဟု လမ်းညွှန် ထားသည်မှာ မှတ်သား လိုက်နာဖွယ်ရာ ဖြစ်သည်။

သို့ဖြစ်၍ ကမ္ဘာ့ ပြည်သူများ ကျန်းမာ ချမ်းသာစွာ အတူနေထိုင် ကြရန်မှာ ကမ္ဘာ့ ပြည်သူများ၏ ကောင်းမွန်သော ရွေးချယ်မှု နှင့် မှန်ကန်သော ဆုံးဖြတ်ချက် ရှိကြရန် လိုအပ်လှ ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...