Social Icons

Pages

Wednesday, July 16, 2014

ကင်ဆာရောဂါ ဖြစ်ပွားမှု လျှော့ချရေး


ကင်ဆာရောဂါ ဖြစ်ပွားမှု လျှော့ချရေး

ယနေ့ ကျန်းမာရေးကို ခြိမ်းခြောက်လျက် ရှိသော ရောဂါမှာ ကင်ဆာရောဂါ ဖြစ်သည်။ ကင်ဆာရောဂါ သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု များပြား လာသည့် ရောဂါဖြစ်ပြီး အရှေ့တောင် အာရှတွင် ကင်ဆာ ဖြစ်ပွားမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားမှု များလာ ရခြင်းမှာ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးရွက်ကြီး နှင့် ဆက်စပ် ပစ္စည်းများ သုံစွဲမှု များပြားလာခြင်း နှင့် စားသောက်မှု ပုံစံ ပြောင်းလဲလာမှု တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အရက်နှင့် စီးကရက်၊ ဆေးလိပ် စသည်တို့ကို အသက် (၁၈)နှစ် မပြည့်သေးသော လူငယ်များကို ရောင်းချခြင်း မပြုရန် ဥပဒေ ပြဋ္ဌာန်း ထားသော်လည်း သိရှိလိုက်နာမှု နှင့် သက်ဆိုင်ရာမှ ကြပ်မတ် ဆောင်ရွက်မှုများ အားနည်းလျက် ရှိနေသည်။ ထို့ကြောင့် လူငယ်ထု အတွင်း အရက် နှင့် ဆေးလိပ် သောက်သုံးမှု တိုးတက်လာခြင်း ဖြစ်သည်။ လူငယ်ထု အတွင်း အရက်နှင့် ဆေးလိပ် သောက်သုံးမှု လျှော့ချရန် ကျောင်းများတွင် မူးယစ် ကင်းမဲ့ဇုန် သတ်မှတ်၍ ဆောင်ရွက်လျက် ရှိ သကဲ့သို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့တို့ရှိ အရက်နှင့် ဆေးလိပ် ရောင်းချသည့် နေရာများ တွင်လည်း အသက် မပြည့်သေးသည့် လူငယ်များကို ရောင်းချခြင်း မပြုရန် ကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်သည်။ သို့မှသာ ဆေးလိပ်နှင့် အရက် သုံးစွဲမှု လျော့ကျပြီး အမျိုးသား ကျန်းမာရေး အဆင့် တိုးတက် လာမည် ဖြစ်သည်။

ကင်ဆာရောဂါ ဖြစ်ပွားမှုသည် စားသောက်မှု ပုံစံများ ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အသားကင်များ စားသုံးသော အလေ့အထ များပြားလာခြင်း မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသားကင် ဆိုင်များ ပေါများလာပြီး ရောင်းချသည့် ဈေးနှုန်း မှာ ငွေကျပ် ၅ဝ၊ ၁ဝဝ နှုန်းဖြင့် လူတိုင်း စားသောက် နိုင်ခြင်းကြောင့် စားသုံးမှု များပြားလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း တိုးတက်ခြင်း နှင့် အသားကင် စားသုံးမှုနှုန်း မှာ တိုက်ရိုက် ဆက်စပ် နေသည်။

အမေရိကန် ကင်ဆာရောဂါ သုတေသန အဖွဲ့က ကြော်လှော်ခြင်း၊ မီးဖိုဖြင့် ကင်ခြင်း၊ ဖုတ်ခြင်း တို့သည် HCA ဓာတ်ကို အကြီးမားဆုံး ထုတ်လုပ်ကြောင်း၊ ထိုဓာတ်သည် ကင်ဆာရောဂါ ကို ဖြစ်ပွား စေနိုင်ကြောင်း ထုတ်ပြန် ခဲ့သည်။ အစားအသောက် နှင့် ဆေးဝါး သုတေသန ပြုသူ ဆရာဝန်နှစ်ဦး ၏ တွေ့ရှိချက် အရ မြန်မာနိုင်ငံ အနောက် မြောက်ပိုင်း ဒေသရှိ ဒေသခံများသည် အသည်းကင်ဆာ ဖြင့် သေဆုံးမှု များပြား နေသည်ကို တွေ့ရပြီး ထိုဒေသရှိ တိုင်းရင်းသား များသည် အခြား တိုင်းရင်းသား များထက် မီးဖြင့် ကင်သော၊ ဖုတ်သော အစားအသောက် များကို ပိုမို စားသုံးကြောင်း လေ့လာ တွေ့ရှိ ရသည်။

သို့ဖြစ်ရာ အမျိုးသား ကျန်းမာရေး အဆင့် တိုးမြှင့်ရန်နှင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း လျှော့ချရန် အရက်၊ ဆေးလိပ်တို့ကို အသက်အရွယ် မပြည့်သေးသည့် လူငယ်များအား ရောင်းချခြင်း မပြုရေး အမျိုးသားရေး အသိဖြင့် တစ်မျိုးသား လုံးက ကြပ်မတ် ဆောင်ရွက်ရန် နှင့် ကင်ဆာရောဂါ ဖြစ်ပွား နိုင်သော အသားကင်၊ အသားဖုတ်၊ အသားလှော်၊ အသားကြော် စားသုံးခြင်းကို လျှော့ချရန်၊ အနီရောင် အသားများ ဖြစ်သော အမဲသား၊ ဆိတ်သား၊ သိုးသား စသည်တို့သည် ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို အားပေးသည့် အတွက် စားသုံးမှုကို လျှော့ချ စားသုံးရန် တို့ကို အမျိုးသားရေး အမြင်ဖြင့် ဆင်ခြင်၍ ပြည်သူ တစ်ရပ်လုံးက ပူးပေါင်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...