Social Icons

Pages

Sunday, June 29, 2014

အုတ်ဖုတ်လုပ်ငန်း အတွက် မြေတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိ



ပွင့်ဖြူ ၊ ၂၉-၆-၂၀၁၄

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ တောင်ဘက် မုန်းချောင်းဘေး ရှိ အုတ်ဖုတ်လုပ်ငန်း တစ်ခုတွင် ဇွန် ၂၃ ရက်က အုတ်ဖုတ်ရန် အတွက် မြေကြီးတူးရာ မှ ရှေးဟောင်း ဘုရား ဆင်းတုတော်များ နှင့် နတ်ရုပ်များ (ပုံ) တွေ့ရှိခဲ့ သဖြင့် အုတ်ဖုတ် လုပ်ငန်းရှင် မငြိမ်းငြိမ်းအေး က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိ သူများထံ အပ်နှံ ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ပစ္စည်းများ မှာ ဉာဏ်တော် ၃ လက်မခွဲရှိ ကြေးဆင်းတု အလေးချိန် ၁၁ ကျပ်သား နှင့် ၁၂ ကျပ်သား နှစ်ဆူ၊ အမြင့် ၆ လက်မ၊ အနံ ၃ လက်မရှိ ကြေး ဘုရားကျောင်းဆောင်၊ ၂၆ ကျပ်သား ကျောင်းဆောင် တစ်ဆောင်၊ ဉာဏ်တော် သုံးလက်မခွဲရှိ အလေးချိန် ၁၆ ကျပ်သား ညောင်ရွက်ပုံပါ ကြေးဆင်းတု နှစ်ဆူ၊ ဉာဏ်တော် သုံးလက်မခွဲ ၁၉ ကျပ်သားရှိ နဂါးရုပ်ပါ ကြေးဆင်းတုတော် တစ်ဆူ၊ ၂၆ ကျပ်သား ပလ္လင်ပါ ရပ်တော်မူ ကြေးဆင်းတုတော် တစ်ဆူ၊ ရှစ်ကျပ်သား ညောင်ရွက်ပြား ငါးလက်မခန့် နှစ်ခု၊ ၁၁ ကျပ်သား ကြေးဇွန်း၊ ကိုးလက်မခန့် တစ်ချောင်း၊ လေးလက်မခွဲ ပန်းကိုင် ကြေးနတ်ရုပ် ၁၆ ကျပ်သား ရုပ်တစ်ခု၊ လေးလက်မခွဲ ၁၈ ကျပ်သား ခရုရုပ်ကိုင် ကြေးနတ် ရုပ်တစ်ရုပ်၊ လေးလက်မ နှစ်ပါးတွဲ ကြေးနတ်ရုပ် ၂၃ ကျပ်သားတစ်ရုပ်၊ ဉာဏ်တော် သုံးလက်မခွဲ ကြေးဆင်းတု ဒူးထောက်လျက် လေးဆူတွဲ ၄၉ ကျပ်သား တစ်ဆူ၊ အချင်း လေးလက်မ ကြေးခွက်ထဲတွင်
လိပ်၊ ဖား၊ ကဏန်း၊ ငါး၊ ခရု၊ ဟင်္သာ ရုပ်လုံးပါ ၂၆ ကျပ်သား ခွက်တစ်ခု၊ နှစ်လက်မ ကြေးလင်ကွင်း ငါးကျပ်သား နှစ်ချပ်၊ ကြေးခြူငယ် နှစ်ကျပ်သား ခြောက်လုံး၊ သုံးလက်မခွဲ လည်ရစ်ပါ မြေအိုးကွဲ ငယ်တစ်ခု၊ လုံးပတ် ၂၂ လက်မ မြေအိုး တစ်လုံး၊ လုံးပတ် ခြောက်လက်မ ရေအိုးငယ် တစ်လုံး၊ ကြေးပြား၊ အကြေအစ ၃၆ ကျပ်သား၊ အလျားတစ်ပေ၊ အနံ ခြောက်လက်မ၊ ထု နှစ်လက်မ အုတ်တစ်ချပ် နှင့် အုတ်ချွန်း တစ်ချပ်တို့ ဖြစ်ကြောင်း သိရသည်။

'' အုတ်ဖုတ် လုပ်ငန်းအတွက် မြေကြီးတူးတဲ့ အခါ အနက် ၅ ပေခန့်လောက် အရောက်မှာ စတွေ့တာပါ။ အရုပ်တွေက အိုးထဲမှာ ထည့်လျက် ပါပဲ။ ရှေးဟောင်း ဆင်းတုတော် တွေဆိုတာ တိုင်းပြည် အတွက် တန်ဖိုးကြီးမှန်း သိလို့ ချက်ချင်း သတင်းပို့ ခဲ့တာပါ။ အခု ရှေးဟောင်း ဆင်းတု တော်တွေကို သက်ဆိုင်ရာ တာဝန် ရှိသူတွေထံ အပ်နှံလိုက် ပါတယ် ... '' ဟု အုတ်လုပ်ငန်း ပိုင်ရှင် မငြိမ်းငြိမ်းအေး က ပြောပြသည်။

ယခုအခါ အဆိုပါ အရုပ်များကို ရှေးဟောင်း သုတေသနဌာန မှ လာရောက် ကြည့်ရှု စစ်ဆေးနိုင်ရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။ 

ပိုင်ဇေ(မကွေး)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...