Social Icons

Pages

Monday, June 16, 2014

ပညာပြည့်ဝ နှလုံးလှမီဒီယာ နှင့် နာခံတော်ကြီး (၇)ပါး


ပညာပြည့်ဝ နှလုံးလှမီဒီယာ နှင့် နာခံတော်ကြီး (၇)ပါး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဇွန် ၁၂ ရက်တွင် ကျင်းပ၍ ငြိမ်းချမ်းကြွယ်ဝသော အာဆီယံ အသိုက်အဝန်း တစ်ရပ် အတွက် လူမှုတာဝန် သိသော မီဒီယာဆိုင်ရာကြေညာချက် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ကြေညာချက် တွင် ငြိမ်းချမ်း ကြွယ်ဝသည့် အာဆီယံ အသိုက်အဝန်း ကို တည်ဆောက်ရန်၊ ပြန်ကြားရေး နှင့် မီဒီယာကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရန်၊ အာဆီယံ အတွင်း လူမှုတာဝန် သိသော မီဒီယာ တိုးတက် ဖွံ့ဖြိုးရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက် ကြရန်၊ အာဆီယံ ပြည်သူများကို ပြန်ကြားရေး ဆိုင်ရာ ပညာပေး ရာတွင် မီဒီယာ နည်းလမ်း အသစ်များနှင့် လူမှုမီဒီယာ တို့၏  အားသာချက် များကို ပိုမိုအသုံးချရန် နှင့် မီဒီယာ အတတ်ပညာ အဆင့်အတန်းကို တိုးမြှင့်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ သင်တန်းများ ပို့ချရန်နှင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာ၊ ပုဂ္ဂလိက မီဒီယာနှင့် လူမှု အသိုက်အဝန်း အခြေပြု မီဒီယာများမှ တစ်ဆင့် တစ်ခုတည်းသော အာဆီယံ အသိုက်အဝန်း ပေါင်းစည်းရေး တို့ကို ဆောင်ရွက်ရန် သဘော တူညီ ခဲ့ကြကြောင်း ဖော်ပြ ထားသည်။

ကြေညာချက် များ၌ ပြန်ကြားရေး ဆိုင်ရာပညာ နှင့် မီဒီယာ အတတ်ပညာ ဆိုသော စကားရပ်များ ပါဝင်လျက် ရှိရာ လူမှု တာဝန်ရှိသော မီဒီယာ တို့သည် အကြားအမြင်မှ ရရှိသော ပညာ(သုတ မယပညာ) နှင့် ကြံစည် တွေးတော ဆင်ခြင်မှုမှ ရရှိသောပညာ (စိန္တာမယပညာ) တို့ကို ဖြည့်ဆည်း နေကြရမည် ဖြစ်သည်။ ထို့အပြင် နာခံတော်ကြီး (၇)ပါး ဖြစ်သော အမှတ်အသား မြဲ၍ ကုန်စင်အောင် လျှောက်တတ်ခြင်း၊ စစ်ပွဲကို ကြည့်ရှု နားလည်ခြင်း (အခြေအနေ တစ်ရပ်ကို ခြေခြေမြစ်မြစ် သိအောင် ပိုင်းခြား ဝေဖန် တတ်ခြင်း)၊ စကား ချိုသာခြင်း၊ ဘာသာခြား စကား တတ်မြောက် ရေးသား နိုင်ခြင်း၊ သတိရှိခြင်း၊ ဝီရိယရှိခြင်း၊ စာစီစာကုံး အနှုန်းအဖွဲ့ တတ်ခြင်းတို့ နှင့်လည်း ပြည့်စုံမှသာ ပြည်သူတို့ အပေါ် သစ္စာ စောင့်သိသော မီဒီယာ လွတ်လပ်မှု အဓိပ္ပာယ်ကို ပီပီ ပြင်ပြင် ဖော်ဆောင် နိုင်မည် ဖြစ်သည်။

မီဒီယာ တို့သည် မီဒီယာ ကျင့်ဝတ် နီတိများနှင့် ကိုယ်ကျင့်တရား တို့ကို အလေးအနက် ထား၍ အချိန်ကာလ နှင့် အခြေအနေ တို့ကို နားလည် ကြရမည် ဖြစ်သကဲ့သို့ သတင်း ရေးသား ထုတ်လွှင့်သည့် သတင်းဌာန များ၏ ကိုယ်ပိုင် မူဝါဒများမှ ကင်းလွတ် နိုင်ကြသည် မဟုတ်သော်လည်း ထို မူဝါဒတို့သည် မည်သူ့အတွက် ရှေးရှုသည် ဆိုသော ရည်မှန်းချက် ကသာ အဓိက ဖြစ်သည်။ မီဒီယာ တစ်ခုစီတွင် ရည်မှန်း ပရိသတ် အမျိုးမျိုး ရှိနိုင်သော်လည်း လိုက်နာရမည့် ကျင့်ဝတ်နီတိ တို့ တူညီ ကြသည်ကို သတိရှိ ရပေမည်။ တိကျ ခိုင်လုံမှု မရှိသော သတင်းများ ဖော်ပြခြင်း၊ သတင်းရေး သူ၏ တစ်ဖက်သတ် အမြင်ဖြင့် ရေးသား ထားသော သတင်းများ ဖော်ပြခြင်း၊ အကျိုးအမြတ် ရရှိရေး မျှော်လင့်ချက် ဖြင့် ပါဝင် ပတ်သက်ခြင်း တို့သည် မီဒီယာ ပတ်ဝန်းကျင် ကို အကြည်ညို ပျက်စေ နိုင်သည်။

သို့ဖြစ်၍ လူမှု တာဝန်သိသော မီဒီယာ အတတ်ပညာ အဆင့်အတန်း မြင့်မားရေး အတွက် အကြားအမြင် ဗဟုသုတ နှင့် ပြည့်စုံသည့် ပညာ ပြည့်ဝနှလုံးလှ မီဒီယာသမား တို့သည် နာခံတော်ကြီး (၇)ပါးနှင့် ပြည့်စုံရန် မိမိကိုယ်မိမိ အစဉ်အမြဲ ဖြည့်ဆည်း နေကြရမည် ဖြစ်ပေသည်။ ။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...