Social Icons

Pages

Tuesday, June 10, 2014

ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေရေး


ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေရေး

ယနေ့ မြန်မာနိုင်ငံ၏ ပွင့်လင်း မြင်သာသော ပြောင်းလဲမှု များကြောင့် နိုင်ငံ အများအပြားက မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စား လာကြသည်။ စိတ်ဝင်စား လာသည့် အလျောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူ များလည်း တိုးတက် များပြား လာခဲ့သည်။ ကမ္ဘာပေါ်တွင် ခရီးသွား လုပ်ငန်းသည် အလျင်အမြန် ကြီးပွား တိုးတက် နေသည့် စီးပွားရေး လုပ်ငန်း တစ်ခုလည်း ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် ရေရှည် တည်တံ့သော ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်လျက် ရှိသည်။

ခရီးသွား လုပ်ငန်းကို နိုင်ငံတော် အစိုးရက သာမက အသင်းအဖွဲ့များ၊ ကုမ္ပဏီများ ကလည်း ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် လာမည့်နှစ် များတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူ ခရီးသွားများ ပိုမို တိုးတက် များပြား လာဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းပေါင်း ၃၈ ခု ရေးဆွဲမည် ဖြစ်ပြီး ဖွံ့ဖြိုးမှု ဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ သတ်မှတ် ရေးဆွဲ ထားသည်။ မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် နှင့် နော်ဝေ အစိုးရတို့က အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် အကူအညီ ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် များပြား ကြွယ်ဝလှသော ယဉ်ကျေးမှု အမွေအနှစ်များ၊ လှပသည့် သဘာဝ ပတ်ဝန်းကျင် နှင့် ခရီးသွား ဒေသများ၊ ဖော်ရွေပျူငှာ သည့် ဧည့်ဝတ် ကျေပွန်မှု များကြောင့် ကမ္ဘာလှည့် ခရီးသွားများ အတွက် စိတ်ဝင်စားစရာ ကောင်းသည့် နေရာတစ်ခု ဖြစ်သည်။ ကဏ္ဍအသီးသီး တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များအတွက် ဆွဲဆောင်မှု အားကောင်းသည့် နေရာ တစ်ခုလည်း ဖြစ်သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ များကို ကမ္ဘာလှည့် ခရီးသည်များ အဓိက လည်ပတ်သည့် နေရာများတွင် ဆွေးနွေး ကျင်းပပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်လျက် ရှိသည်။ ခရီးသွား လုပ်ငန်းသည် ကမ္ဘာပေါ်တွင် အလျင်အမြန် ကြီးပွားတိုးတက် နေသည့် စီးပွားရေး လုပ်ငန်းများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး များစွာသော အကျိုး သက်ရောက်မှု များလည်း ရှိသည်။

ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးမှု အတွက် ဟိုတယ် လုပ်ငန်းများ သည်လည်း အရေးပါ လာခဲ့သည်။ ထို့ကြောင့် ဝင်ရောက် လာသည့် ဧည့်သည်များ လက်ခံနိုင်ရေး အတွက် နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ၊ ဟိုတယ် ဝန်ဆောင်မှုများ၊ ခရီးသွား ဧည့်သည် တို့၏ လုံခြုံ စိတ်ချရမှု၊ ကျန်းမာရေး နှင့် ညီညွတ်ပြီး ပြုစုဂရုစိုက်မှု စသည့် ဖြည့်ဆည်းမှု များလည်း လိုမည် ဖြစ်သည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်း သည် သဘာဝ အရင်းအမြစ် များကို ထုတ်ယူ သုံးစွဲခြင်း မပြုဘဲ၊ ပြည်သူများကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဝင်ငွေတိုး စေသည့် လုပ်ငန်း ဖြစ်သောကြောင့် ရေရှည် တည်တံ့သောလုပ်ငန်းဖြစ်ရေး အတွက် ခရီးသွားများကို အဘက်ဘက်မှ ဝန်ဆောင်မှု ကောင်းကောင်း ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...