Social Icons

Pages

Tuesday, May 6, 2014

" သတင်းသည် " . . . . သို့


" သတင်းသည် " . . . .  သို့

သိင်္ခသူ

မျက်မှောက်ခေတ် ကို ပညာခေတ်ဟု ဆိုကြသည့် နည်းပညာ များက လူသား အားလုံးတို့၏ အသက်ရှင် နေထိုင်နိုင်ရေး အတွက် နတ်ရေစင် ပမာ အစွမ်းထက် လှသည်။ ကမ္ဘာ တစ်ဝန်းလုံးမှ သန်းပေါင်း များစွာသော လူသားများ၏ ပါးစပ်ပေါက် ပေါင်းများစွာ ထဲသို့ စားစရာများ ထည့်ပေး နိုင်ဖို့ စိုက်ပျိုးရေး နည်းပညာသည် အလွန်ပင် အရေးကြီး လှပေသည်။ ထို့အတူ ကျန်းမာရေး၊ လူ့ အသုံးအဆောင်၊ တိုက်တာ အိမ်ခြေ စသည့် အကြောင်းအရာ ပေါင်း မြောက်မြားစွာ တို့၌လည်း နည်းပညာ သာလျှင် ပဓာန ကျလျက် ရှိပေသည်။ ထို့အတူ ယနေ့ လူ့လောက လူ့ အသိုင်းအဝိုင်း တွင် မီဒီယာ သည်လည်း မရှိမဖြစ် အရေးပါ လှပေသည်။ အဘယ်ကြောင့် ဆိုသော် လူတို့၏ ကျန်းမာရေး၊ စားဝတ် နေရေး၊ ပညာရေး စသည့် သတင်း အချက်အလက် များကို မီဒီယာသည် လူတိုင်း၏ ရှေ့မှောက်သို့ အရောက်ပို့ နိုင်သောကြောင့် ဖြစ်သည်။

မီဒီယာသည် နည်းပညာ အကူအညီဖြင့် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ ဖြစ်အောင် ဖန်ဆင်း ခဲ့သည်။ ''သတင်းသည်'' တို့၏ ဦးနှောက်ဖြင့် တူးဖော်ခဲ့ သမျှသော သတင်းများသည် ကမ္ဘာသူ၊ ကမ္ဘာသား တို့၏ အသိဉာဏ်ကို ရင့်ကျက် စေသကဲ့သို့ အမြင်တို့ကို လည်း ပွင့်လင်း ကျယ်ပြန့် စေခဲ့သည်။ ထိုသို့ သတင်းနှင့် ပြည်သူကို ဆက်သားသဖွယ် ဆောင်ရွက် ရသော ''သတင်းသည်'' တို့သည် သတင်းကို ပြည်သူထံသို့ ဆောင်ယူ ပေးရာ၌ လတ်ဆတ်သော၊ အနာကင်းသော သတင်းဖြစ်ရုံ မျှသာမက ဖျတ်လတ် တက်ကြွသော သတင်းဖြစ်ဖို့ လိုသည်။ သတင်းထဲမှ လူများသည် အမည်နာမ သက်သက်သာ မဖြစ်စေရ ဟူသော အချက်ကို အထူး သတိချပ် သင့်သည်။ ထို့ကြောင့် ''သတင်းသည်'' တို့အဖို့ သတင်းယူရာ၊ သတင်းရေးရာ၊ သတင်းဖြန့် ရာ၌ အရေးကြီး၍ အဓိက အခန်းကဏ္ဍ မှ ပါဝင် နေသည်ကို အထူး သတိပြု ကြရမည် ဖြစ်ပေသည်။

သတင်း၌ ပါနေသော လူများကို အသံတိတ် နေသောလူများ၊ မလိုလား အပ်ဘဲ စကားဖောင်ဖွဲ့ ပြောနေသော လူများ၊ ဒီဆို ဟိုရောက် ဦးတည်ရာ မဲ့နေသော သူများ၊ အရေးမပါဘဲ သတင်းထဲ၌ ကန့်လန့် ကန့်လန့် ပါနေသော လူများ မဖြစ်စေ သင့်ပေ။ သတင်းထဲမှ လူသည် လေးနက်သော အဓိပ္ပာယ် ရှိသော စကားအတွက် လှုပ်ရှား ပြောဆို အသက်ဝင် နေစေရမည်။ သို့သော် အတ္တဆန္ဒ အတွက် အကျိုးမဲ့ အငြင်းအခုန် အတွက်၊ ဒေါသ၊ မောဟ၊ လောဘ၊ မာန်မာန အတွက် မြည်တွန် တောက်တီး နေခြင်းထက် ကွယ်နေသည်ကို ဖယ်နိုင်ဖို့၊ ငြိမ်နေသည်ကို လှုပ်ရှားဖို့၊ မတရားမှုကို ခေါင်းငုံ့ မနေဖို့၊ အများအတွက်၊ တိုင်းပြည် အတွက် ဆိုသင့်ဆို ပြောသင့်ပြော ဖို့ဖြစ်သည်။ သို့သော် ဥပဒေကို လေးစားရမည်။ ကျင့်ဝတ်ကို နားလည် ရမည်။ စည်းကမ်း ကလနား ရှိရမည်။ အပြန်အလှန် လေးစား နားလည်မှု တို့ဖြင့် အမှန်တရား ကို အရေးဆို ရမည်။

သမိုင်းသည် သတင်းမဟုတ်။ သတင်းသည်သာ သမိုင်းဖြစ်သည်။ ထို့ကြောင့် သတင်းစာ များက ပြောသော သမိုင်းခြေရာ များကို တွေ့နိုင် ပေသည်။ သမိုင်း ရေးရာတွင် သတင်းစာ သည် မှန်ကန်သော သမိုင်း အထောက်အထား တို့ကို ပေးသည်။ အဘယ်ကြောင့် ဆိုသော် သတင်း ဆိုသည်မှာ လိမ်ညာ ရေး၍ မရ။ လုပ်ကြံ ရေး၍ မရ။ ဖုံးကွယ် ရေး၍ မရ။ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ပေါ်လွင်အောင် ရေးထား ကြ၍ ဖြစ်သည်။ ထို့ကြောင့် သတင်းစာသည် သစ္စာရှိသော စာပေဟု ဆိုကြသည်။ ဖြတ်သန်းရာ၊ ကျင်လည်ရာ ခေတ်တို့မှ လူထု လူတန်းစား များ၏ ဆူကြုံ နိမ့်မြင့် အခြေအနေ များကို သတင်းစာ တို့က အဖြူစင်ဆုံး၊ အရိုးသားဆုံး ဖော်ပြ ကြသည်။

သတင်းကို သမိုင်းဖြစ်အောင် ရေးသား ကြရာ၌ ''သတင်းသည် '' သည် အဂတိ လေးပါး ကင်းရှင်းဖို့ လိုသည်။ သတင်းစစ် သတင်းမှန် ဖြစ်ဖို့ တရားသူကြီး ကဲ့သို့ မျှတသော၊ မှန်ကန်သော စိတ်ရှိဖို့၊ ဖြူစင်သော စိတ်ရင်းရှိဖို့၊ ဘက်မလိုက်ဖို့ လိုသည်။ တစ်နည်း အားဖြင့် အဖွဲ့အစည်း ဂိုဏ်းဂဏ ပါတီတို့၏ လက်ကိုင်တုတ် မဖြစ်ဖို့ လိုသည်။ မီးစတစ်ဖက် ရေမှုတ် တစ်ဖက် မရေးဖို့ လိုသကဲ့သို့ ခြံစည်းရိုးခွ ထိုင်သည့် သတင်းသမား မဖြစ်ဖို့ လိုသည်။ ''သတင်းသည်'' သည် အတင်းအဖျင်း၊ အမနာပ သိမ်ဖျင်းသော အရေးအသား များကို ရှောင်ဖို့ လိုသည်။

သတင်းကြောင့် လူအများ ထိတ်လန့် အားငယ်ခြင်း မဖြစ်စေရ။ ဒေါသ ပွက်ပွက်ဆူခြင်း မဖြစ်စေရ။ ရန်လိုခြင်း၊ တုံ့နှင်းခြင်း မဖြစ်စေရ၊ သတင်းကြောင့် လူမျိုးနှင့် တိုင်းပြည် နစ်နာခြင်း မဖြစ်စေရ။ သို့မှသာ ''သတင်းသည်'' ပီသ၍ ပြည်သူ့ အကျိုးဆောင်သော ''သတင်းသည်'' အဖြစ် ဂုဏ်ပုဒ် ထင်မည် ဖြစ်၏။ သတင်းကို ကွယ်ဝှက်ခြင်း၊ ထိမ်ချန်ခြင်း မပြုရ။ သို့သော်လည်း စကားခြောက်ခွန်း လူ၌ ထွန်းဆိုသော ဘုရားဟော ဒေသနာ အရ ပြည်သူလူထု စိတ်နှလုံး ညှိုးချုံး၍ နှလုံးဝမ်း အပူပြင်းသော အကျိုးမဲ့ သတင်းမျိုး ကိုကား ချင့်ချိန် စောင့်ထိန်း ရာ၏။ ''သတင်းသည်'' သည် ပစ္စုပ္ပန် တည့်တည့်၌ အာရုံ စူးစိုက်၍ အနာဂတ်တွင် ပြည်သူ့အကျိုး သို့ ရှေးရှုသော သတင်း တစ်ပုဒ်ရေး ထုတ်ခြင်းဖြင့် သမားပီသ ကြစေလို သတည်း။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...