Social Icons

Pages

Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Wednesday, August 2, 2017

ညောင်ဦးမြို့ ကျောက်ကူးဧရာဝတီမြစ်ဆိပ်အနီး လူငယ်၁၁ဦး ရေဆင်းချိုးရာမှ လေးဦး ရေနစ်မှုဖြစ်ပွား နှစ်ဦး အသက်ရှင်လျက် ပြန်လည်ဆယ်ယူရရှိ



ညောင်ဦး ၂-၈-၂၀၁၇

ညောင်ဦးတွင် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က ညောင်ဦးမြို့နယ် မြေနဲလေး ကျေးရွာအနီး ကျောက်ကူးဧရာဝတီ မြစ်ဆိပ်တွင် ရှန်မိန်ကျေးရွာမှ လူငယ် ၁၁ ဦးအဖွဲ့ ရေဆင်းချိုးရာမှ လေးဦးရေနစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ရှန်မိန်ကျေးရွာမှ လူငယ် ၁၁ ဦးအဖွဲ့သည် ပုဂံမြို့သစ်ရှိ လောကနန္ဒာဘုရားပွဲသို့ လာရောက်ခဲ့ကြပြီး ဇူလိုင် ၃၁ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က ညောင်ဦးမြို့နယ် မြေနဲလေး ကျေးရွာအနီးရှိ ကျောက်ကူး ဧရာဝတီမြစ်ဆိပ်သို့ ရေဆင်းချိုးရန် ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ ရေဆင်းချိုးရန် ရောက်ရှိချိန်တွင် လူငယ်၁၁ဦး အနက် အောင်မျိုးဝင်း၊ ဇင်ကိုကို၊ ထူးအောင်၊ အောင်ဇေလင်းတို့ လေးဦးမှာ ဧရာဝတီမြစ်အတွင်း ရေ ဆင်းချိုးခဲ့ရာမှ တစ်ဆင့် ရေနစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ၍ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင် ၁၂ဦးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်း သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ရာ ရေနစ်သူလေးဦး အနက်နှစ်ဦးကို အသက်ရှင်လျက် ပြန်လည်ဆယ်ယူ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ကျန်လူငယ်နှစ်ဦးကို ည ၈ နာရီထိ ကြိုးပမ်းရှာဖွေ ခဲ့သော်လည်း တွေ့ရှိခြင်းမရှိသေးကြောင်းညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

#Yadanarpondaily

Friday, July 7, 2017

ကသာမြို့ ရွှေဂူကြီးဘုရားရှေ့ဧရာဝတီ မြစ်ဘေးတွင် လေညင်းခံသူများဖြင့် နေ့စဉ်စည်ကား



ကသာ ၇-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်နေသဖြင့် ကမ်းနားလမ်း၊ ရွှေဂူကြီးဘုရားရှေ့ရှိ မြစ်ကမ်းဘေး View Point တွင် လေညင်းခံ၍ မြစ်ပြင်ရှုခင်း ကြည့်သူများဖြင့် နေ့စဉ်စည်ကား နေကြောင်း ဒေသခံများထံမှ သိရသည်။

ကသာမြို့ရှိ ဆိပ်ကမ်းသည် ဧရာဝတီမြစ်ကြောင်း ရှိအလှဆုံး ဆိပ်ကမ်းများအနက် တစ်ခုအပါအဝင် ဖြစ်သဖြင့် ရေတိုးရက်များတွင် အပန်းဖြေသူများဖြင့် စည်ကားနေခြင်း ဖြစ်ပြီး ထီးချိုင့်၊ မြတောင်ဆိပ်ကမ်း တို့သည်လည်း အလှဆုံး ဆိပ်ကမ်းများဖြစ်ကြောင်း ကသာမြို့မှ ဒေသခံများက ပြောပြ၍ သိရသည်။

''ညနေ ၅ နာရီမိနစ် ၃ဝ၊ ၆ နာရီလောက်ဆိုရင် လာတဲ့သူက ဦးရေ ၅ဝ နဲ့ ၁ဝဝ ကြားလောက် အုပ်စုတွေနဲ့ လာအပန်းဖြေ လေညင်းခံ လာကြတယ်။ ကသာဆိပ်ကမ်းက ရေတိုးရင် တော်တော်လှတယ်။ ကမ်းနားတစ်လျှောက် ဘုရားစေတီတွေ နဲ့ဆိုတော့ သာယာတာလဲပါတယ်''ဟု ကသာမြို့ရပ်ကွက် (၁) ကမ်းနားလမ်းနေ ဒေါ်မြင့်မြင့်က ပြောပြသည်။

အဆိုပါ View Point နားနေဆောင်ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်မှ ခွင့်ပြုငွေကျပ် ၆၁ သန်းဖြင့် ကသာမြို့ ရွှေဂူကြီးဘုရားရှေ့၌ နန်းစဉ် ရတနာကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်က စတင်တည်ဆောက် ခဲ့ပြီး မတ် ၃၁ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

View Point နားနေဆောင်မှာ သံကူကွန်ကရစ် အောက်ခြေမြေ ထိန်းနံရံအမျိုးအစား ဖြစ်ပြီးအနံ ၁၈ ပေ၊ အလျား ၁၄၃ ပေနှင့် မြေသားလမ်း အကျယ် ၁၇ ပေရှိကြောင်း သိရသည်။ ကသာမြို့ရှိ ဧရာဝတီ မြစ်ရေသည် ဇူလိုင် ၅ ရက်က ၉၅၃ စင်တီမီတာသို့ ရောက်နေပြီး ကသာမြို့၏ စိုးရိမ်ရေမှတ်သည် ၁ဝ၄ဝ စင်တီမီတာ သတ်မှတ်ထားသဖြင့် ဇူလိုင်လအတွင်း မြစ်ရေဆက်လက် မြင့်တက်နိုင်ဖွယ် ရှိကြောင်းကသာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

#yadanarpondaily

Tuesday, May 23, 2017

မိုးဦးကာလ၌ ဧရာဝတီမြစ်အတွင်း သင်္ဘောများ အန္တရာယ်ရှိနိုင်သောကြောင့် ဇွန်လအတွင်း ရေလမ်းညွှန်အမှတ်အသား အခု ၃၃ဝ ကို စိုက်ထူဆောင်ရွက်ပေးမည်



မန္တလေး ၂၃-၅-၂၀၁၇

မိုးဦးကာလ၌ ဧရာဝတီမြစ်အတွင်း သင်္ဘောများ လမ်းမှားကာ အန္တရာယ်ရှိနိုင် သောကြောင့် ဇွန်လအတွင်း ရေလမ်းညွှန် အမှတ်အသား စုစုပေါင်း ၃၃ဝ ကိုရေယာဉ်လေးစီးဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ဒေသ-၅)မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ဧရာဝတီမြစ်အတွင်း နွေဥတုကာလ ရေနည်းချိန်တွင် မြစ်အတွင်း သွားလာနေသည့် သင်္ဘောများ အနေဖြင့် သောင်တင်သည်ကလွဲ၍ စိုးရိမ်ပူပန်စရာမရှိသော်လည်း မိုးဥတုကာလတွင် ဧရာဝတီမြစ်အတွင်း၌ ရေတက်လာမည် ဖြစ်သည့်အတွက် သင်္ဘောများအနေဖြင့် ညွှန်ပြထားသည့် ရေကြောင်းအတွင်းမှ မသွားဘဲ အန္တရာယ်ရှိသည့် လမ်းကြောင်းထဲ ဝင်ရောက်သွားပါက သင်္ဘောများ နစ်မြုပ်မှု များထိပါ ဖြစ်ပွားနိုင်ကြောင်း၊ ထိုသို့ဖြစ်ပွားမှု မရှိစေရေးအတွက် စိုက်ထူပေးထားသည့် ရေလမ်းညွှန် အမှတ်အသားများ ကိုလည်း ဂရုတစိုက်ကြည့်ရှုကာ သွားလာကြရန် လိုအပ်ကြောင်း၊ လာမည့်ဇွန်လ အတွင်း၌လည်း ဗန်းမော်မန္တလေး-စဥ့်ကူ ရေလမ်းကြောင်း တစ်လျှောက်တွင် ရေပေါ်ပြအမှတ် အသားအခု ၁၇ဝနှင့်ကမ်းပေါ်ပြ အမှတ်အသားအခု ၁၆ဝကို စိုက်ထူ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ဧရာဝတီမြစ်ရေ အနည်းငယ်မြင့်တက် လာခဲ့ပြီးမြစ်အတွင်း သောင်ဖြစ်ထွန်းမှုမှာ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ မြစ်အတွင်း သွားလာနေကြသည့် သင်္ဘောများသည်လည်း ရေကြောင်းရှာစရာမလိုဘဲသွားလာနေကြကြောင်း၊ သင်္ဘောများအနေဖြင့် ရေများနေသည့်အတွက် လိုသလိုမောင်းနိုင်သော်လည်း ရေလည်တိုင် စသည့်နေရာများတွင် အရှိန်လျှော့ကာ မောင်းနှင်သင့်သည့် အပြင် ရာသီဥတု အခြေအနေ ကိုလည်း သေချာကြည့် ပြီးမှသာ သွားလာကြရန် လိုကြောင်းသိရသည်။

''ဒီလအတွင်း မြစ်ရေတက် နေတယ်ဆိုပြီး ထင်ရာလမ်းကြောင်း တွေကနေ သင်္ဘောတွေသွားလာ တာတွေ မလုပ်ကြပါနဲ့။ လမ်းကြောင်းမှားရင် သောင်တင်မှုတွေ ဖြစ်နိုင်တယ်။ ပြီးတော့ မိုးဥတုကာလက အရေးကြီးပါတယ်။ရေများတယ်ဆိုပြီး တအားမောင်း တာတွေမလုပ်ဖို့ရယ်၊ လမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်တွေကိုလဲ ဂရုပြုကြဖို့ရယ် လိုပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Sunday, April 30, 2017

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ်ကမ်းမြို့ဖြစ်စေရေး ဧရာဝတီမြစ်အတွင်းမှ သဲသောင်များ တူးဖော်ပေးရန်တင်ပြမည်


ငါန်းဇွန် ၃၀-၄-၂၀၁၇

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ် ကမ်းမြို့ဖြစ်စေရေး အတွက် ငါန်း ဇွန်မြို့ဘေးရှိ ဧရာဝတီမြစ်အတွင်းမှ သဲသောင်များကို တူးဖော်ပေးရန် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ထံမှ သိရသည်။

ငါန်းဇွန်မြို့ကို ကုန်စည်စီးဆင်းမှု အားကောင်းသော သင်္ဘောဆိပ် ကမ်းမြို့ဖြစ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကမ်းနားလမ်း ဖောက်လုပ်နိုင်ရန်၊ ဧရာဝတီမြစ် ကမ်းဘေးတွင် မြေထိန်းနံရံတည် ဆောက်ပေးရန် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှ တစ်ဆင့်တင်ပြ တောင်းဆိုခဲ့ရာ ယခုအခါ ငါန်းဇွန်အမှတ် (၁) နှင့် အမှတ် (၂) ကျောက်စီမြေထိန်းနံရံနှင့် ထန်းဇင်လှ ကျောက်စီမြေထိန်းနံရံတို့ အတွက် စုစုပေါင်းငွေကျပ်သိန်း၇၂၃ဝကို တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယအဆင့် အနေဖြင့် ငါန်းဇွန်ဆိပ်ကမ်း ရေကြောင်းပေါက်နိုင်ရန် ပိတ်ဆို့နေသော သဲသောင်များကို တူးဖော် ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် တောင်းခံသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

အဆိုပါကိစ္စကို ယခုလာမည့် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်းသိရပြီး ငါန်းဇွန်မြို့တွင် ၁၉၉၅ခုနှစ်ခန့်ကစတင်ကာ မြစ်လမ်းကြောင်း ပြောင်းသွားသော ကြောင့်ယခု အခါငါန်းဇွန်မြို့ဘေး ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ပေ ၆ဝဝဝ ကျော်ရှိသော သဲသောင်များ ထွန်းနေကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်သည် ၃၅၅ ဒသမ ၅၉၉ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၈၇ဝဝဝ ခန့် နေထိုင်ကြကာ အများစုမှာ ဧရာဝတီမြစ် ကမ်းတစ်လျှောက်တွင် နေထိုင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့တွင် နွားနို့၊ မလိုင်အစရှိသော နို့ထွက်ပစ္စည်းများနှင့် ပဲမျိုးစုံကို စိုက်ပျိုးရောင်းချ လုပ်ကိုင်ကြပြီး ဆိပ်ကမ်းမြို့ဖြစ်ပါက ပိုမိုစိုက်ပျိုးထုတ်လုပ်ကာ ရောင်းချ နိုင်မည်ဖြစ်သောကြောင့် ဆိပ်ကမ်း ဖြစ်မြောက်ရေးသည် ငါန်းဇွန်မြို့အတွက် အလွန်အရေးပါကြောင်း သိရသည်။

#Themyawadydaily

ဧရာဝတီမြစ်ရေတိုးလာ၍ မြေပဲများ ဆုံးရှုံးမှုမဖြစ်စေရန် မြေပဲနုတ်သူများကို ဈေးနှုန်းပိုပေးကာ နုတ်ယူနေရ



ကသာ ၃၀-၄-၂၀၁၇

ကသာမြို့နယ်တွင် ဧရာဝတီ မြစ်အတွင်း နုန်းတင်မြေနုကျွန်းများပေါ်၌ ဆောင်းသီးနှံဖြစ်သော မြေပဲများစိုက်ပျိုးထားရာ ဧပြီ ၂၈ရက်က ဧရာဝတီမြစ်ရေ ၆၁၇ စင်တီမီတာထိ မြင့်တက်လာသောကြောင့် မြေပဲခင်းများ ရေနစ်ဆုံးရှုံးမှုမဖြစ်စေရန် မြေပဲနုတ်သူများကို တစ်ရက်လျှင် ငွေကျပ် ၇ဝဝဝ နှုန်းထိ တိုးမြှင့်ပေးကာ နုတ်ယူနေရကြောင်း ကျွန်းမြေတွင် စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

ကသာမြို့နယ်အတွင်းရှိ နုန်းတင် မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် မြေပဲများကိုအဓိက ထားစိုက်ပျိုးကြောင်း ဧရာဝတီမြစ်ရေ မြင့်တက်လာသောကြောင့် ရေလွှမ်းဧရိယာ ၆၉၆၇ ဒသမ ၄ ဧကရှိပြီး ဆောင်းမြေပဲနှင့်စပါးရေနစ်ပျက်စီးမှု ၁၃၂၂ ဒသမ ၃၅ ဧကရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှု စာရင်းများကို ကွင်းဆင်းကောက်ခံ လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကသာမြို့နယ်တွင် မျိုးမြေပဲ တစ်တင်းလျှင် ငွေကျပ်၄၃ဝဝဝဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး ထွက်ရှိလာသော မြေပဲကိုတစ်ပိဿာလျှင် ငွေကျပ် ၂၄ဝဝ ဖြင့်ရောင်းချ နေရကြောင်း၊ မြေပဲဆုံးရှုံးမှုမဖြစ်စေရန် လုပ်သားများကို ပုံမှန်ဈေးငွေကျပ် ၅ဝဝဝ အစား ငွေကျပ် ၇ဝဝဝထိ တိုးမြှင့်ပေးကာ အချိန်လုနုတ်သိမ်း နေရကြောင်း တောင်သူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ရေသည် ရွှေကူ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင်လေးရက်အတွင်း ငါးပေမှ ခုနစ်ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့်ညောင်ဦးမြို့တို့၌ နောက်နှစ်ရက်မှ ခုနစ်ရက်အတွင်း ငါးပေမှ ခြောက်ပေခန့်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သတနှင့်ဇလွန်မြို့တို့တွင် နောက်သုံးရက်မှ ၁ဝ ရက် အတွင်းလေးပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် အသီးသီး မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားချက်အရ သိရသည်။

#Themyawadydaily

Tuesday, December 27, 2016

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အနိမ့်ဆုံးရေနည်း သတိပေးမှတ်အောက် ရောက်နိုင်



မန္တလေး ၊ ၂၇-၁၂-၂၀၁၆

ယခု ရေနည်းကာလ အတွင်း မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ အနိမ့်ဆုံးရေနည်း သတိပေးမှတ် အောက်သို့ ရောက်ရှိနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့၏ အနိမ့်ဆုံးရေနည်း သတိပေးမှတ်မှာ ၃၆ဝ စင်တီမီတာ ဖြစ်ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ငါးနှစ်ခန့်မှ စတင်၍ နှစ်စဉ်နီးပါး အနိမ့်ဆုံးရေနည်း သတိပေးမှတ် အောက်သို့ ရောက်ရှိလာကြောင်း အဆိုပါဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဇော် က ပြောပြသည်။

''အခုလက်ရှိကျနှုန်း များနေပါတယ်။ ဆက်ကျဖို့ ရှိပါသေးတယ်။ ရှေ့လက ကျနှုန်းနည်းသွားပြီး ပုံမှန် မတ်လထိ ငြိမ်နေနိုင်ပါတယ်။ ဧပြီလလောက်မှ မြစ်ရေက ပြန်လှုပ်နိုင် တာပေါ့။ ဒီနှစ်လဲ သတိပေးမှတ်အောက် ရောက်နိုင်ပါတယ်'' ဟု ၄င်း က ပြောပြသည်။

လက်ရှိတွင် မန္တလေးမြို့၌ ဧရာဝတီမြစ်ရေမှာ ၄၂၉ စင်တီမီတာ သို့ရောက်ရှိနေပြီး တစ်ရက်လျှင် နှစ် စင်တီမီတာခန့် ကျဆင်းနေကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေ စတင်ကျဆင်းသည့် ရေနည်းကာလသို့ ရောက်ရှိပြီဖြစ် သဖြင့် ရေနည်း ကာလအတွင်း ရေယာဉ်များ သောင်တင်ခြင်း၊ ရေလမ်းကြောင်း အတွင်း မတော်တဆ ဖြစ်ပွားခြင်း၊ ရေလမ်းကြောင်းများ ပျက်စီးခြင်းများ မဖြစ်ပေါ်စေရန်နှင့် ရေယာဉ်များ ရေကြောင်း အန္တရာယ် ကင်းရှင်းစေရန် ရေစူး ကန့်သတ်ချက် ထုတ်ပြန်ပေး ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း က ပြောပြသည်။

''ရေနည်းကာလမှာ ရေကြောင်းကျပ်တာ သောင်တင်တာတွေ မဖြစ်ပေါ်စေဖို့ပါ။ ရေကြောင်းပြောင်းတဲ့ နေရာတွေမှာလဲ အရေးပေါ် ရေကြောင်းပြ အမှတ်အသားတွေ ချပေးရပါတယ်။ မြစ်ရေကျချိန်မှာ ရေကြောင်းက နေ့ချင်းညချင်း ပြောင်းတတ်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

ဧရာဝတီမြစ်တွင် ရေစူး ကန့်သတ်ချက် များကို ဟင်္သာတမှ ပြည်ထိ ၅ ပေ ၆ လက်မ၊ ပြည်မှ မန္တလေးထိ ၅ ပေ၊ မန္တလေးမှ ကသာ ထိ ၄ ပေ၊ ကသာမှ ဗန်းမော်ထိ ၃ ပေ ၉ လက်မ၊ ဆင်ဘိုမှ မြစ်ကြီးနား ထိ ၂ ပေ ၆ လက်မ ထုတ်ပြန်ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...