Social Icons

Pages

Sunday, April 30, 2017

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ်ကမ်းမြို့ဖြစ်စေရေး ဧရာဝတီမြစ်အတွင်းမှ သဲသောင်များ တူးဖော်ပေးရန်တင်ပြမည်


ငါန်းဇွန် ၃၀-၄-၂၀၁၇

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ် ကမ်းမြို့ဖြစ်စေရေး အတွက် ငါန်း ဇွန်မြို့ဘေးရှိ ဧရာဝတီမြစ်အတွင်းမှ သဲသောင်များကို တူးဖော်ပေးရန် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ထံမှ သိရသည်။

ငါန်းဇွန်မြို့ကို ကုန်စည်စီးဆင်းမှု အားကောင်းသော သင်္ဘောဆိပ် ကမ်းမြို့ဖြစ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကမ်းနားလမ်း ဖောက်လုပ်နိုင်ရန်၊ ဧရာဝတီမြစ် ကမ်းဘေးတွင် မြေထိန်းနံရံတည် ဆောက်ပေးရန် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှ တစ်ဆင့်တင်ပြ တောင်းဆိုခဲ့ရာ ယခုအခါ ငါန်းဇွန်အမှတ် (၁) နှင့် အမှတ် (၂) ကျောက်စီမြေထိန်းနံရံနှင့် ထန်းဇင်လှ ကျောက်စီမြေထိန်းနံရံတို့ အတွက် စုစုပေါင်းငွေကျပ်သိန်း၇၂၃ဝကို တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယအဆင့် အနေဖြင့် ငါန်းဇွန်ဆိပ်ကမ်း ရေကြောင်းပေါက်နိုင်ရန် ပိတ်ဆို့နေသော သဲသောင်များကို တူးဖော် ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် တောင်းခံသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

အဆိုပါကိစ္စကို ယခုလာမည့် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်းသိရပြီး ငါန်းဇွန်မြို့တွင် ၁၉၉၅ခုနှစ်ခန့်ကစတင်ကာ မြစ်လမ်းကြောင်း ပြောင်းသွားသော ကြောင့်ယခု အခါငါန်းဇွန်မြို့ဘေး ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ပေ ၆ဝဝဝ ကျော်ရှိသော သဲသောင်များ ထွန်းနေကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်သည် ၃၅၅ ဒသမ ၅၉၉ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၈၇ဝဝဝ ခန့် နေထိုင်ကြကာ အများစုမှာ ဧရာဝတီမြစ် ကမ်းတစ်လျှောက်တွင် နေထိုင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့တွင် နွားနို့၊ မလိုင်အစရှိသော နို့ထွက်ပစ္စည်းများနှင့် ပဲမျိုးစုံကို စိုက်ပျိုးရောင်းချ လုပ်ကိုင်ကြပြီး ဆိပ်ကမ်းမြို့ဖြစ်ပါက ပိုမိုစိုက်ပျိုးထုတ်လုပ်ကာ ရောင်းချ နိုင်မည်ဖြစ်သောကြောင့် ဆိပ်ကမ်း ဖြစ်မြောက်ရေးသည် ငါန်းဇွန်မြို့အတွက် အလွန်အရေးပါကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...