Social Icons

Pages

Showing posts with label ဥရောပသမဂ္ဂ. Show all posts
Showing posts with label ဥရောပသမဂ္ဂ. Show all posts

Tuesday, February 21, 2017

အီတလီသည် ဒုတိယမြောက် ဥရောပသမဂ္ဂက နောက်ထပ်ခွဲထွက်မည့် နိုင်ငံဖြစ်လာမလား



( ရှိန်းထက် ဘာသာပြန်သည်။ )

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းက ၄င်းတို့၏နိုင်ငံ အကျိုးစီးပွား ကိုသာ ဦးစွာကြည့်လေ့ ရှိပြီး ၄င်းတို့လူမျိုး အတွက်သာ ဦးစားပေး စဉ်းစားကြသည်။ ထို့ကြောင့် တချို့သော နိုင်ငံများက ကမ္ဘာပေါ်တွင် အကောင်းဆုံး စီးပွားရေး ဘုံစနစ်တစ်ခုကို ပိုင်ဆိုင်ထား သည်ဟု နာမည် ကြီးသော ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ဖြစ်သည်။ အဆင်ပြေ လျှင်တော့ ဆက်လုပ်မည်၊ ဆက်နေမည်။ အဆင် မပြေလျှင်တော့ ဆက်မလုပ်တော့၊ ဆက်မနေတော့။ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး အဖြစ်မခံချင် ကြပေ။

ယခုလည်း ကောင်းသည်ဟု ထင်ကာ လုပ်ခဲ့ပြီးမှ မကောင်းတော့ သောအခါ ထိုနေရာတွင် ဆက်မလုပ်တော့၊ ဆက်မနေတော့ဘဲ ခွဲထွက်ရန် လုပ်ကြ တော့သည်။ ဥရောပသမဂ္ဂ ၏ စီးပွားရေးစနစ် ကတော့ ကောင်းချင် ကောင်းလိမ့်မည်။ သို့သော်လည်း ယခုအခါ အကောင်းဆုံး အချိန်ဟု ပြော၍မရတော့။ ယူရိုငွေကြေး အတက်အကျကို မထိန်းချုပ် နိုင်သောကြောင့် အဖွဲ့ဝင် နိုင်ငံများ ဒုက္ခရောက်ကြ ရသည်။ ထိုကြားထဲ အကြမ်းဖက်မှုနှင့် အရှေ့ အလယ်ပိုင်းမှ စစ်ပွဲများက ဥရောပကို တိုက်ရိုက် အကျိုး သက်ရောက်မှု ရှိလာသောအခါ ရွှေ့ပြောင်း ဝင်ရောက် လာသူများနှင့် ဒုက္ခပင်လယ် ဝေရတော့သည်။

၂ဝ၁၄ ခုနှစ် ဆီးရီးယားနှင့် အီရတ်တွင် ISIS တို့ ခြေကုပ်စယူ လာသောအခါ ဥရောပ ပြိုကွဲခန်းလည်း စတင်အသက်ဝင် လာတော့သည်။ ယခင်ကမှ ဥရောပ သမဂ္ဂထဲတွင် နေရင်း စီးပွားရေး တိုးတက်မှု နှေးကွေးနေ ရသည့်အထဲ အကြမ်းဖက် လုပ်ရပ်များသော အရှေ့ အလယ်ပိုင်း ဂယက်က ဥရောပကို လာထိမှန် သောအခါ ဥရောပအဖွဲ့ဝင် နိုင်ငံများ အထိနာခဲ့ ရပြီး ထိုအထဲတွင် အထူးသဖြင့် အီတလီက အဆိုးရွားဆုံး အခြေအနေဖြင့် ဒုက္ခသည်များကို လက်ခံထား ရသည့်နိုင်ငံ ဖြစ်သည်။ 

ဥရောပနှင့် အရှေ့ အလယ်ပိုင်းကို အနီးကပ်ဆုံး ဆက်သွယ်ထားသည့် နိုင်ငံကို ပြပါဆိုလျှင် အီတလီဖြစ်ပြီး အဆိုးရွားဆုံး စစ်ပွဲများ ဖြစ်နေသည့် ဆီးရီးယားနှင့် လစ်ဗျားတို့က တိုက်ရိုက် ရေကြောင်းလမ်း များပေါက်သည့် အနီးဆုံး ဥရောပနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် အီတလီသည် ဒုက္ခသည်များ အတွက် ဥရောပသို့ ဝင်ရောက်ရန် အရှေ့အလယ်ပိုင်း ဒုက္ခသည် ဝင်ပေါက် အဖြစ် နာမည်ကြီး နေသည်။ တစ်နေ့လျှင် ဒုက္ခသည်ပေါင်း ထောင်နှင့်ချီ ဝင်ရောက် လာခဲ့ပြီး အသားတင် နိုင်ငံတွင်း တင်ကျွေး ထားရသည့် ဒုက္ခသည် အရေအတွက်က သိန်းချီ လာခဲ့သည်။ ထို့ကြောင့် အမြတ်အစွန်း အနည်းငယ်သာ ရှိသည့် စီးပွားရေး တိုးတက်မှုများကို ရွှေ့ပြောင်း ဒုက္ခသည်များက စားသုံးပစ်လိုက် ကြသည်။ ထို့ကြောင့် အီတလီက ၄င်း၏ နိုင်ငံရေပြင်ကို ကင်းလှည့်ပြီး လာသမျှ လှေစီးဒုက္ခသည် များကို နောက်ပြန်လှည့် စေပြီး ၄င်း၏ နိုင်ငံပိုင်နက်ထဲသို့ မဝင်စေရန် အစီအစဥ်ကိုပင် ဆွဲရသည်။

သို့သော်လည်း အီတလီအစိုးရ အဖို့ အကောင်အထည် မဖော်နိုင်ခဲ့ဘဲ လူသားချင်း စာနာ ထောက်ထားမှု ဟူသော ခေါင်းစဉ်အောက်မှ ဒုက္ခသည်များကို ဆက်လက် ကယ်ခဲ့သည်။ ထိုလူသားချင်း စာနာ ထောက်ထားမှု ဟူသော ခေါင်းစဉ်ကပင် အီတလီကို ဒုက္ခပေးခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ် ၏ လူသားချင်း စာနာထောက်ထားမှု ခေါင်းစဉ် ကဲ့သို့ပင် သူကိုယ်တိုင် အထိနာခဲ့ ရသည်။

ယခုဂျာမနီလည်း အကြမ်းဖက် အန္တရာယ်ကြောင့် ဒုက္ခရောက်နေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး ကလည်း မာကယ်လ်ကို အယုံအကြည် သိပ်မရှိတော့။ လာမည့် ရွေးကောက်ပွဲ တွင်ပင် မာကယ်လ် အခြေအနေ သိပ်မကောင်းတော့။ ဥရောပအဖွဲ့ဝင် နိုင်ငံ အားလုံးကလည်း မာကယ်လ်ကို အပြစ်တင်ကြသည်။ မာကယ်လ်က ဒုက္ခသည် တစ်သန်း သူ့နိုင်ငံထဲကို ဝင်ရောက်နေထိုင်ခွင့် ပေးခဲ့သည့်အတွက် သူတို့ကလည်း အနည်းဆုံးရာ၊ ထောင်ဂဏန်း လောက်တော့ နေထိုင်ခွင့်ပေးခဲ့ရသော ကြောင့်ဖြစ်သည်။ ယခု အကြမ်းဖက်မှု များဖြစ်ပွားသော အခါ မာကယ်လ် ကိုသာ အပြစ်ဝိုင်းတင် ကြတော့သည်။

ယနေ့အချိန်တွင် အခြိမ်းခြောက်ဆုံး အရာကို ပြပါဆိုလျှင် စီးပွားရေးထက် ဥရောပ၌ အကြမ်းဖက် အန္တရာယ် က ပိုများနေသည်။ အကြမ်းဖက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည့် နိုင်ငံကတော့ ပြင်သစ်ဖြစ်သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်း ပြင်သစ်ကဲ့သို့ အဖြစ်မျိုး အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ ပြင်သစ်ကလည်း ဥရောပသမဂ္ဂက ချပေးသည့် ဒုက္ခသည်များ ခွဲဝေယူရေး အစီအစဉ်ကို ဆန့်ကျင်ပြီး နေမည်။ ထိုအတွက်ကြောင့် ဥရောပသမဂ္ဂ ကပင် ထွက်ဆိုလျှင် ထွက်မည်။ ယခုတော့ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ က ဦးစွာ ခွဲထွက်သွားခဲ့ပြီ ဖြစ်သည်။ ဥရောပသမဂ္ဂ၌ ရှိနေစဉ် ဗြိတိန်၏ စီးပွားရေး တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းပင် မရှိဘဲ သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် ကျေနပ်ခဲ့ရသည်။ ယူရို ငွေကြေးရိုက်ခတ်မှု နှင့် ဒုက္ခသည် ပြဿနာက ဥရောပသမဂ္ဂမှ ခွဲထွက်ရန် အဓိကမောင်းနှင်မှု ဖြစ်ခဲ့သည်။ ထိုအတွက်ကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နုတ်ထွက်ခဲ့ရပြီး ထရီစာမေ က ပြည်သူ ထောက်ခံမဲ တစ်မဲမှမရှိဘဲ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ယခု ဗြိတိန်နောက်ကို လိုက်မည့်သူမှာ အီတလီအဖြစ် နာမည်ကြီး နေသည်။ ၂ဝ၁၆ ခုနှစ်က အီတလီထဲသို့ ဒုက္ခသည် ဝင်ရောက်လာနှုန်း ၂ဝ ရာခိုင်နှုန်း အထိ တိုးလာခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူ အရေအတွက် ကပင် စံချိန်တင် သန်းချီရှိခဲ့သည်။ ထိုကြားထဲ စီးပွားရေး တိုးတက်မှုနှုန်းက ဗြိတိန်ကဲ့သို့ပင် ၁ ရာခိုင်နှုန်းပင် မရှိခဲ့ဘဲ သုည ဒသမ ၉ ရာခိုင်နှုန်းသာ ရှိသည်။ ၁၉၅၇ ခုနှစ်မှ စတင်ကာ အီတလီက ဥရောပသမဂ္ဂ ထဲသို့ စီးပွားရေး ပိုမို ကောင်းမွန်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည် အထင်နှင့် ဝင်ရောက် လာခဲ့သည်။ ယခုတော့ လူထုစစ်တမ်းများတွင် ဥရောပသမဂ္ဂ ထဲ၌ နေထိုင်ရေးကို မကြိုက်သူက ပိုများလာသည်။

ဥရောပသမဂ္ဂထဲသို့ မဝင်ခင်က သူ့ငွေကြေးနှင့် သူ အဆင်ပြေ နေခဲ့သော အီတလီ ယူရိုကို ပြောင်းလဲကိုင်တွယ် ခဲ့ပြီးနောက် မျှခြေမညီဘဲ ကမောက်ကမ ဖြစ်ကာ မထိန်းချုပ် နိုင်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် စီးပွားရေး တိုးတက်မှု နှုန်းလည်း ထင်သလောက် မတိုးတက်ဘဲ ဖြစ်နေခဲ့သည်။ ကုန်ဈေးနှုန်းက တက်၊ ငွေကြေးတန်ဖိုးက ကျနေသောကြောင့် အီတလီအထိနာရတော့သည်။ ထို့ကြောင့် ယခု အီတလီနိုင်ငံရေး သမားတို့၏ ဥရောပ သမဂ္ဂမှ ခွဲထွက်ရေးမှာ အသံပိုကျယ် လာနေပြီ ဖြစ်သည်။

အီတလီတွင် ရှိသည့် အဓိက နိုင်ငံရေးပါတီကြီး ငါးခုအနက် သုံးခုက ဥရောပသမဂ္ဂမှ ခွဲထွက်ရေး အဓိက ခေါင်းစဉ်ဖြင့် ပွဲထွက်လာခဲ့ပြီ ဖြစ်သည်။ ပြည်သူများ ကလည်း ဥရောပသမဂ္ဂ၌ ဆက်နေရေးကို သိပ်စိတ် မဝင်စားဘဲ ခွဲထွက်ရေး ကိုသာ စိတ်ကူးနေကြ ပြီဖြစ်သည်။

၎င်း၏ရှေ့တွင်လည်း ဗြိတိန်၏ ခွဲထွက်ရေး အောင်မြင်မှုများ က ရှိနေပြန် သောကြောင့် အီတလီအတွက် နမူနာက ရှိနှင့်နေပြီးသား ဖြစ်သည်။ ယခု ဗြိတိန်က အခွန်အခ လျှော့ချပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ဖိတ်ခေါ်မည့် အစီအစဉ်ကို ၄င်း၏ စီးပွားရေး ပြန်လည် နာလန်ထူရန် အကောင်အထည် ဖော်နေပြီး ထိုအစီအစဉ်က ဥရောပသမဂ္ဂ ကိုပင် ခြိမ်းခြောက် နိုင်စွမ်းအား ရှိသည်။

ထို့ကြောင့် အီတလီလည်း ဗြိတိန်ကို နမူနာယူပြီး ၄င်း၏နိုင်ငံ၊ ၄င်း၏လူမျိုး စီးပွားရေးအတွက် ၁ ရာခိုင်နှုန်းပင် မပြည့်သည့် စီးပွားရေး တိုးတက်မှု အသိုက်အဝန်း မှခွဲထွက်ပြီး ပိုမို ကောင်းမွန်သည့် အနာဂတ် အတွက်
ဥရောပသမဂ္ဂမှ ခွဲထွက်ရန် စဉ်းစားနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Thursday, November 10, 2016


ဝင်ရိုးစုံကမ္ဘာနှင့် မြန်မာ့တပ်မတော် ဆက်ဆံရေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီ Justus Lipsius Building ၌ နိုဝင်ဘာ ၈ ရက် နံနက် ဒေသစံတော်ချိန် ၈ နာရီတွင်ကျင်းပသော European Union Military Committee အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က The Military's Role in a Democratic Myanmar နှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားရာ၌ ကမ္ဘာ့နိုင်ငံများ ကြုံတွေ့ရသော လုံခြုံရေးအရ ခြိမ်းခြောက်မှု များကို ပထမဦးစွာ ပြောကြားပြီး မြန်မာနိုင်ငံ၏ သဘာဝ ပထဝီအနေအထား နှင့်လူမှုရေး ပထဝီ အချက်အလက် များကို အကျဉ်းချုပ် ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွင် အဟန့်အတား ဖြစ်နေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးချိန်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး '' ဒီမိုကရေစီဆိုသည့် အခွင့်အရေး တစ်ခုရရှိရန် အစိုးရ အုပ်ချုပ်မှုကို လက်နက်ကိုင် ဆန့်ကျင်သည့် မည်သူမဆို တပ်မတော်က ကာကွယ်ရမည် ဖြစ်ကြောင်း၊ ယင်းမှာ တိုင်းရင်းသား များကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်နက်ကိုင် တိုက်ခိုက်သူ များကိုသာ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း'' ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ပြောကြားရာ၌ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့ စုစုပေါင်း အဖွဲ့ ၄ဝ ဖြင့် ယာယီ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက် နိုင်ခဲ့ကြောင်း၊ လက်ရှိ ပါတီစုံဒီမိုကရေစီ ခေတ်တွင်လည်း ပထမ အကြိမ် လွှတ်တော်သက်တမ်း ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး လက်မှတ်ရေးထိုး ပြီးသည့် အဖွဲ့အစည်းများ၏ နေရာဒေသများတွင် ပစ်ခတ် တိုက်ခိုက်မှုများ မရှိတော့ဘဲ နယ်မြေ အေးချမ်းမှု၊ ဒေသခံ ပြည်သူများ စိတ်ချမ်းသာစွာ သွားလာလုပ်ကိုင် နေထိုင်နိုင်မှု၊ နှစ်ဖက်တပ်ဖွဲ့များ အကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက် နိုင်သော အကျိုးရလဒ်များ ခံစားနေရပြီ ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထား ပါကြောင်း၊ NCA ကိုအခြေခံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အခန်းကဏ္ဍ၊ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက် တို့ကို ပြောကြားရာ၌ တပ်မတော်သည် ခေတ်အဆက်ဆက် ခိုင်မာ တောင့်တင်းသည့် အမျိုးသားနိုင်ငံရေး အင်အားစုကြီး ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ရကြောင်း၊ ထို့ကြောင့် ခေတ်သစ်၊ စနစ်သစ် တွင် မိမိ တို့သည် အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်ရန် လွှတ်တော်တွင် ဆက်လက်ပါဝင် နေရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ခြင်း နှင့်အတူ ကာကွယ် စောင့်ရှောက် နေရကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အတွက် ခိုင်မာသည့် အာမခံချက် ရရှိချိန်တွင် တပ်မတော်၏ အခန်းကဏ္ဍ ကိုလည်း ပြန်လည်သုံးသပ် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ပြုလုပ်လျက် ရှိကြောင်း၊ လက်နက်ကိုင်ပြီး အခွင့်အရေး တောင်းခြင်းကို မည်သည့် ဒီမိုကရေစီနိုင်ငံ ကမှ လက်မခံကြောင်း ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ EU ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ပြောကြားရာ၌ ယခုအချိန်တွင် စစ်ဘက် ဆက်ဆံရေး အပါအဝင် ကဏ္ဍအားလုံးတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရမည့် အချိန်ဟုလည်း ယူဆပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် စစ်ဘက် ဆက်ဆံရေးများ မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂ နှင့်လည်း စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် မိမိတို့ တပ်မတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ်၊ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ မှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်  ဆေးပညာရပ်များ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များ စသည့်နည်းပညာ များနှင့် လေ့ကျင့်ရေးကဏ္ဍ များတွင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂနှင့် စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း ဖြင့် မိမိတို့ တပ်မတော်၏ Standard Army  အဖြစ် တည်ဆောက်ဖွဲ့စည်း ဆောင်ရွက်နေမှု များတွင်လည်း အထောက်အကူ ဖြစ်စေလိမ့်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

မျက်မှောက် ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာစစ်ကြီးနှစ်ကြိမ် ကြုံခဲ့ရသဖြင့် ပြာပုံထဲမှ လူးလဲထရန် ကြိုးစားနေကြ ချိန်တွင် ပုထုဇဉ်သဘာဝ အစွဲများကြောင့် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ပြာပုံထဲမှ မထနိုင်ဖြစ်ခဲ့ ကြရသည်။

ထိုဖြစ်စဉ်များက သင်ခန်းစာယူ၍ စစ်တားဆီးရေး နှင့် ဖွံ့ဖြိုးရေး တို့အတွက် နိုင်ငံပေါင်းစုံပါဝင် ကြိုးပမ်းနေသော ယနေ့ကမ္ဘာကြီးကို ဝင်ရိုးစုံကမ္ဘာ ( Multi Polar World ) ဟုခေါ်ကြလေရာ မျိုးချစ်မြန်မာ့ တပ်မတော် အနေဖြင့်လည်း ကမ္ဘာ စစ် တားဆီးရေး နှင့် ဖွံ့ဖြိုးရေးတို့တွင် ပါဝင်နိုင်ရေး နိုင်ငံတကာ တပ်မတော်များနှင့် ပူးပေါင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ထုတ်ဖော်ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပကောင်စီ Political and Security Committee မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ နိုင်ငံရေးနှင့် 
လုံခြုံရေးကော်မတီ မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၀-၁၁-၂၀၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဥရောပသမဂ္ဂ စစ်ဘက်ကောင်စီ အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်း ပြောကြားပြီးနောက် ညနေပိုင်းတွင် Political and Security Committee မှ တောင်းဆိုချက်အရ ဥရောပကောင်စီ Oustus Cipsius Building ရှိ အစည်းအဝေး ခန်းမတွင် ဥရောပသမဂ္ဂ နိုင်ငံရေးနှင့် လုံခြုံရေး ကော်မတီမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် Political and Security Committee မှ Chairman Mr. Walter Steven မှ နိုင်ငံရေးနှင့် လုံခြုံရေး ကော်မတီ အဖွဲ့ဝင်များအား မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အပေါ် ဥရောပကောင်စီ ၏ အမြင်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လက်ရှိ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ အပေါ် ရှင်းလင်း ပြောကြား ပေးပါရန် ဆွေးနွေး တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘဝ ကျရောက်ခဲ့ချိန်မှ လွတ်လပ်ရေး ရပြီးသည့် အချိန်ထိ နယ်ချဲ့ တော်လှန်ရေးခေတ် နိုင်ငံရေး အခြေအနေများ၊ လွတ်လပ်ရေး ရပြီးနောက် လက်ရှိပါတီစုံ ဒီမိုကရေစီ အစိုးရပေါ် ပေါက် လာသည်အထိ နိုင်ငံရေး အခြေအနေများ၊ ပါတီစုံဒီမိုကရေစီ ခေတ်တွင် တပ်မတော်၏ ရပ်တည်ချက် သဘောထားများနှင့် ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပေါ်ပေါက်လာသော အစိုးရနှင့် လက်တွဲ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာအောင် ထိန်းသိမ်း အကောင် အထည်ဖော် ဆောင်နေမှု များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ ရွေးချယ်သော လမ်းကြောင်းကို တပ်မတော်က ခိုင်မာအောင် ထိန်းသိမ်း ပေးခဲ့တာ ယခုဆိုလျှင် အစိုးရသက်တမ်း နှစ်ခု ရှိပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်း သောင်းကျန်းမှုများ ချုပ်ငြိမ်းရေးအတွက် အစိုးရ အဆက်ဆက် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ခုနှင့် NCA လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ဘက်မှ ပဋိပက္ခများသည် တိုင်းရင်းသား အရေးကိစ္စ များမဟုတ်ဘဲ အင်္ဂလိပ်တို့၏ ကိုလိုနီကာလ တစ်လျှောက် အကြောင်းအမျိုးမျိုး နှင့် ဝင်ရောက် လာကြသည့် ဘင်္ဂါလီများ ကြောင့် ဖြစ်ပေါ် နေသည့်ပဋိပက္ခ များဖြစ်ကြောင်း၊ နိုင်ငံရေးအရ ၂ဝ၁၁ ခုနှစ်ကတည်းက ပါတီစုံဒီမို ကရေစီစနစ်ကို ပြောင်းလဲနိုင် ခဲ့ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်သဖြင့် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကို နိုင်ငံရေးအရ သာ ဆွေးနွေးညှိနှိုင်း အဖြေရှာရမှာ ဖြစ်ပြီး လက်နက်စွဲကိုင်၍ နိုင်ငံရေးအရ တောင်းဆိုနေ၍ မရကြောင်း၊ လက်ရှိ နိုင်ငံတော်၏ နိုင်ငံရေး လမ်းကြောင်းကို တည်ငြိမ်မှုရှိအောင်၊ ခိုင်မာမှုရှိအောင် တပ်မတော်က ဆောင်ရွက် ပေးနေကြောင်း၊ ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများကို လက်နက်ကိုင် အဖွဲ့အစည်းများက လူသားတံတိုင်း အဖြစ် အသုံးချနေမှုများ ရပ်တန့်စေရန်နှင့် ၄င်းတို့အား ကိုယ့်နယ်မြေ၊ ကိုယ့်ကျေးရွာများသို့ အမြန်ဆုံးပြန်သွားနိုင်အောင် တပ်မတော်က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ EU မိတ်ဆွေနိုင်ငံများ အနေဖြင့် နေရပ်စွန့်ခွာ သူများ (တိုက်ပွဲရှောင်များ) အပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးအပ် နေခြင်းကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ၄င်း အကူအညီများကို တိုက်ပွဲရှောင် များ၏ လက်ဝယ်သို့ ရောက်ရှိရေးမှာ အရေးကြီးပါ ကြောင်းနှင့် မသက်ဆိုင်သူ များ၏ လက်ထဲသို့ ရောက်ရှိမသွား စေရန် လိုအပ်ပါကြောင်း တို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး သည်။

တက်ရောက်လာသူ များက ၄င်းတို့သိရှိ လိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မေးမြန်းချက်များ အပေါ် ပြန်လည် ဖြေကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လ်ဂျီယံနိုင်ငံ နှင့် ဥရောပသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန် တို့ တက်ရောက် ကြပြီး EU Political and Security Committee မှ ကော်မတီ အဖွဲ့ဝင်များ၊ EU ၂၈ နိုင်ငံမှ သံအမတ်ကြီးများ၊ အခြား လေ့လာသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, November 8, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့် တွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ
 ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ
 ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos တို့တွေ့ဆုံ ဆွေးနွေးစဉ်

နေပြည်တော် ၊ ၈-၁၁-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်များ အဆင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေး (European Union Military Committee- EUMC Meeting) သို့ တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos အား နိုဝင်ဘာ ၇ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲ၌ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌရုံးတွင် သွားရောက် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ့တပ်မတော် နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များ၏ တပ်မတော် များအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး နှင့် ဆက်ဆံမှု မြှင့်တင်ရေး၊ လေ့ကျင့်ရေး သင်တန်းများ စေလွှတ်ရေး နှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် များအား ရင်းနှီးပွင့်လင်း စွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တပ်မတော် အရာရှိကြီးများ၊ ဘယ်လ်ဂျီယံနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်၊ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr.Roland Kobia နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသူများ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံရှိ Waterloo သို့ သွားရောက်လေ့လာ ၊ မြန်မာသံရုံးမိသားစုများအား တွေ့ဆုံ


ဘရပ်ဆဲလ်မြို့ရှိ Waterloo စစ်ပွဲအထိမ်းအမှတ်ပြတိုက် Memorial 1815 ကိုတွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရပ်ဆဲလ်မြို့ရှိ Waterloo စစ်ပွဲအထိမ်းအမှတ် ပြတိုက် Memorial 1815 သို့ သွားရောက်ကြည့်ရှု လေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရပ်ဆဲလ်မြို့ရှိ မြန်မာနိုင်ငံသံရုံးမှ သံရုံးမိသားစုများအား တွေ့ဆုံစဉ်

နေပြည်တော် ၊ ၈-၁၁-၂၀၁၆

ဘယ်လ်ဂျီယံနိုင်ငံ သို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့်အတူ နိုဝင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဘရပ်ဆဲလ်မြို့ရှိ Waterloo စစ်ပွဲ အထိမ်းအမှတ်ပြတိုက် Memorial 1815 သို့သွားရောက် ကြည့်ရှုလေ့လာ ကြပြီး ဘရပ်ဆဲလ်မြို့ အနီး Wallonia ဒေသ Namur မြို့သို့ သွားရောက် လေ့လာ ကြည့်ရှုသည်။

ဘယ်လ်ဂျီယံ နိုင်ငံတွင် Brussels ဒေသ၊ Wallonia ဒေသနှင့် Flanders ဒေသဟူ၍ ဒေသ ၃ ခုရှိပြီး Namur မြို့သည် Wallonia ဒေသ၏ မြို့တော်ဖြစ်သည်။ Namur မြို့သည် အလွန်သာယာ လှပသည့်အပြင် မြို့၏အလယ် တွင် Sambre တူးမြောင်းသည် ကွေ့ဝိုက် စီးဆင်းလျက်ရှိကာ Meuse မြစ်နှင့်ချိတ်ဆက်၍ မြောက်ဘက်တွင် ဂျာမနီနယ်စပ်၊ နယ်သာလန်နိုင်ငံ တို့မှတစ်ဆင့် North Sea ပင်လယ်အထိ ဖြတ်သန်း စီးဆင်းပြီး တောင်ဘက်တွင် ပြင်သစ်နိုင်ငံသို့ ဖြတ်သန်း စီးဆင်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ဘရပ်ဆဲလ်မြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် သံရုံးမိသားစု များက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံးဧည့်ခန်းမ၌ အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအကြား၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် စီးပွားရေး တိုးတက်ခိုင်မာမှ နိုင်ငံဖွံ့ဖြိုး တိုးတက်မည် ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပိုမိုပူးပေါင်း လုပ်ဆောင် နိုင်ရေး ကြိုးစားသွားရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။ 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှတ်တရ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များပေးအပ်ရာ သံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့်ဇနီး၊ သံရုံးဝန်ထမ်း များက လက်ခံရယူ ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံးမိသားစု များက ညစာဖြင့် တည်ခင်းဧည့်ခံ ကြသည်။

ယခု ခရီးစဉ်သည် မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ဘယ်လ်ဂျီယံ နှင့် ဥရောပဒေသသို့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဘယ်လ်ဂျီယံ နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ တပ်မတော်များနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရေး အတွက် သမိုင်းဝင်ခရီးစဉ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Monday, November 7, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် 
ကိုယ်စားလှယ်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Zaventem အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
 ရောက်ရှိစဉ်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ပြရှုခင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၇-၁၁-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Gen. Mikhail Kostarakos ၏ ဖိတ်ကြားချက် အရ ဥရောပသမဂ္ဂ ကာကွယ်ရေး ဦးစီးချုပ်များ ၏ စစ်ဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေး (European Union Military Committee-EUMC Meeting) သို့ ပါဝင် တက်ရောက်ရန် နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ရာ ယမန်နေ့နံနက် ဒေသ စံတော်ချိန် ၇ နာရီတွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Zaventem အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ်တွင် ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့်တာဝန်ရှိ သူများက ကြိုဆို ခဲ့ကြသည်။

ဘယ်လ်ဂျီယံနိုင်ငံ သည် ဥရောပတိုက်၏ အနောက် မြောက်ဘက်တွင် တည်ရှိပြီး ပြင်သစ်၊ ဂျာမနီ၊ လူဇင်ဘတ်၊ နယ်သာလန်နိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ ထို့ပြင် ဥရောပပါလီမန်၊ ဥရောပကောင်စီ၊ ဥရောပကော်မရှင် နှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများ ရုံးစိုက်ရာ မြို့လည်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Monday, June 27, 2016

Brexit ကြောင့် ထွက်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ နှင့် အကျပ်အတည်းကြားမှ ဗြိတိန်အစိုးရ




( ဇေယျဘုန်း )

ဗြိတိန်ပြည်သူ များက နှစ်ပေါင်း ၄ဝ ကျော်ကြာ ပူးပေါင်း လာခဲ့သည့် အီးယူ အဖွဲ့မှ ၄င်းတို့၏နိုင်ငံကို ခွဲထွက်ရန် ဆန္ဒမဲပေး ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်အစိုးရ သည် Brexit ၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် ဖိအားပေးမှု များကို သိသိသာသာ တွေ့ကြုံနေရပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံ အနေဖြင့် အီးယူအဖွဲ့မှ တရားဝင် ခွဲထွက်ရေး အလျင်အမြန် လုပ်ဆောင်ရန် အီးယူ နိုင်ငံခြားရေး ဝန်ကြီးများက ဗြိတိန်အစိုးရ အား တိုက်တွန်း ပြောကြား ခဲ့သည့်အပြင် ဗြိတိန်နိုင်ငံ အတွင်းရှိ နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် စကော့တလန် ကလည်း ဗြိတိန်မှ ခွဲထွက်ရန် ထပ်မံ ကြိုးပမ်းမည့် အလားအလာ များထွက်ပေါ်လျက် ရှိနေသည်။

ထို့ပြင် Brexit ကို ဗြိတိန်ပြည်သူ အများစုက ထောက်ခံမဲ ပေးခဲ့ကြပြီး နာရီပိုင်းမှာ ပင် ၄င်း၏ အကျိုးဆက်သည် နိုင်ငံ၏ ဘဏ္ဍာရေး ဈေးကွက်အပေါ် များစွာ အထိနာစေ ခဲ့သည်။ ကမ္ဘာ့  ငွေကြေးများ အနက် အခိုင်အမာ၊ အတောင့်တင်း ဆုံးသော ငွေမာအဖြစ် သတ်မှတ်ခံ ထားရသည့် စတာလင်ပေါင် ၏ တန်ဖိုးမှာ ၁ဝ ရာခိုင်နှုန်း ခန့်ကျ ဆင်းသွား ခဲ့သည်။ ယင်းသို့ ကျဆင်း လာခြင်းမှာ ၃၁ နှစ်အတွင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ် များကြောင့် လန်ဒန်မြို့ရှိ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များ ကို အကြီးအကျယ် ထိတ်လန့် တုန်လှုပ် စေခဲ့သည်။ ပို၍ ဆိုးရွားသည့် အချက်မှာ ဗြိတိန် နိုင်ငံအတွင်းရှိ စတော့ရှယ်ယာ ဈေးကွက် မှာ အီးယူမှ ဗြိတိန် ခွဲထွက်ရန် ဆုံးဖြတ်ချက် ထွက်ပေါ် လာပြီးနောက် ၉ ရာခိုင်နှုန်း အထိ ထိုးကျ သွားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်း မှာပင် ဗြိတိန်ပြည်သူ တစ်သန်းကျော် က ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲကို ဒုတိယ အကြိမ် ပြန်လည် ကျင်းပပေးရန် အစိုးရထံ သို့ ဇွန် ၂၅ ရက်က မေတ္တာရပ်ခံစာ တင်သွင်း၍ တောင်းဆို ခဲ့သည်။ ၄င်းတို့၏ အကြောင်းပြ ချက်မှာ ဇွန် ၂၃ ရက်က ကျင်းပခဲ့သော လူထုဆန္ဒ ခံယူပွဲမှ ထွက်ပေါ်လာသည့် ရလဒ်သည် နိုင်ငံအတွက် အပြုသဘော မဆောင်သည့် အကျိုးဆက် များကို ထွက်ပေါ် စေသည့်အပြင် စီးပွားရေးနှင့် နိုင်ငံရေး အရ သြဇာတိက္ကမ ကြီးမားလှ သည့် ဗြိတိန်နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက် လာနိုင်သည့် အပြင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကိုပါ အဟန့်အတား ဖြစ်စေနိုင်သည် ဟူ၍ ဖြစ်သည်။ အီးယူမှ ဗြိတိန်ခွဲထွက် ခဲ့ပြီးနောက် ထွက်ပေါ် လာသည့် နိုင်ငံရေး အကျပ်အတည်း တစ်ခုမှာ မကြာမီ ရာထူးမှ နုတ်ထွက်မည် ဟု ကြေညာ ခဲ့သည့် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ၏နေရာ၌ မည်သူက ဆက်ခံမည်နည်း ဟူသော အချက်ပင် ဖြစ်သည်။ ကွန်ဆာဗေးတစ် လွှတ်တော် အမတ်များက ဗြိတိန်အား အီးယူမှ ခွဲထွက်နိုင်ရန် ပြည်သူများအား စည်းရုံးလှုံ့ဆော် ခဲ့သူ လန်ဒန် မြို့တော်ဝန် ဟောင်း ဘောရစ်ဂျွန်ဆင် ကို ဝန်ကြီးချုပ် အဖြစ် ရှုမြင်လျက် ရှိသည်။

သို့ရာတွင် အစိုးရအဖွဲ့ အတွင်းမှ ထင်ရှားသည့် ဂျော့ခ်ျအော့စဘွန်း နှင့် ထရီဆာမေ တို့က ဘော်ရစ်ဂျွန်ဆင် ၏ ပြိုင်ဘက်များ အဖြစ် ထွက်ပေါ်လာဖွယ် ရှိသည်။ ဝန်ကြီးချုပ် ကင်မရွန်း အနေဖြင့် ရာထူးမှ နုတ်ထွက်ပြီး နောက် ၄င်း၏ နေရာကို ဆက်ခံမည့် ဝန်ကြီးချုပ်သစ် အနေဖြင့် ဗြိတိန်နိုင်ငံက အီးယူမှ တရားဝင် ခွဲထွက်မည့် လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ဇွန် ၂၄ ရက် အစောပိုင်းက ကြေညာ ခဲ့သောကြောင့် နောက်တက် လာမည့် ဝန်ကြီးချုပ် ကသာ အီးယူမှ တာဝန်ရှိသူ များနှင့် ခွဲထွက်ရေးကို ဆွေးနွေးသွားမည့် အလားအလာ ရှိသည်။

သို့ရာတွင် ဗြိတိန်နိုင်ငံ အနေဖြင့် ခွဲထွက်ရေးကို အလျင်အမြန် လုပ်ဆောင်ရန် ဂျာမနီ နှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် အီးယူမှ တာဝန်ရှိသူ များက ဗြိတိန် အစိုးရကို ဖိအားပေး လာခဲ့သည်။ တခြား တစ်ဖက်တွင် အီးယူအဖွဲ့ အနေဖြင့် အဖွဲ့အတွင်း ကျန်ရှိနေသည့် အဖွဲ့ဝင် နိုင်ငံများက ဗြိတိန် နိုင်ငံ၏ ခြေလှမ်းအတိုင်း လိုက်လျှောက် ၍ ခွဲထွက်သွားမည့် အရေးနှင့် စပ်လျဉ်း၍ ရတက်မအေး ဖြစ်နေဖွယ်ရှိသည်။ အလားတူ ဗြိတိန်နိုင်ငံက နှစ်ပေါင်းများစွာ လက်တွဲခဲ့ သည့် အီးယူအဖွဲ့မှ ခွဲထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံ၏ ခွဲထွက်ခြင်းသည် ဂယက် ရိုက်ခတ်မှုများ ကို ဖြစ်ပေါ်စေခဲ့ သည့်အပြင် နောက်ပိုင်း တွင် မည်သည့် အရာများ ဆက်လက် ဖြစ်ပေါ်လာမည်ကို မည်သူမျှ အတိအကျ မသိနိုင်ဟု ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အီးယူမှ ဗြိတိန်ခွဲထွက်ပြီး နောက်တွင် စကော့တလန် အစိုးရအဖွဲ့သည် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပြီး ဗြိတိန်မှ စကော့တလန် က လွတ်လပ်သည့် နိုင်ငံတစ်နိုင်င အဖြစ် ခွဲထွက်နိုင်ရေး အတွက် လူထုဆန္ဒ ခံယူပွဲ တစ်ရပ်ကို ဒုတိယအကြိမ် ကျင်းပရန် ဥပဒေပြဋ္ဌာန်း မှုများ လုပ်ဆောင် သွားမည်ဟု သဘောတူညီ ခဲ့ကြသည်။

ထို့ပြင် စကော့တလန် ဝန်ကြီးချုပ် နီလိုလာ စတာဂီယွန် က စကော့တလန် နိုင်ငံအနေဖြင့် အီးယူအဖွဲ့အတွင်း ဆက်လက် ရပ်တည်ရေး သေချာမှု ရှိစေရန် အဆိုပါ အဖွဲ့ကြီးနှင့် အရေးတကြီး ဆွေးနွေးမှု များကို စတင်လုပ်ဆောင် ခဲ့သည်။ စကော့တလန် အစိုးရသည် ဗြိတိန်ပြည်သူ အများစုက ၄င်းတို့နိုင်ငံအား အီးယူမှ ခွဲထွက်ခဲ့ခြင်းကို အခွင့်ကောင်း ယူ၍ စကော့တလန် အား ဗြိတိန်မှ ခွဲထွက်နိုင်ရန် ထပ်မံကြိုးပမ်း လာခဲ့ခြင်းပင် ဖြစ်သည်။

စကော့တလန် နိုင်ငံသည် ယခင်ကလည်း ဗြိတိန်နိုင်ငံမှ ခွဲထွက်ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် လူထုဆန္ဒ ခံယူပွဲ တစ်ရပ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။ သို့သော် အဆိုပါဆန္ဒ ခံယူပွဲတွင် မဲပေးနိုင်သူ ပြည်သူ ၈၄ ဒသမ ၅၉ ရာခိုင်နှုန်းအနက် ၅၅ ဒသမ ၃ဝ ရာခိုင်နှုန်းက စကော့တလန် အား ဗြိတိန် နိုင်ငံနှင့် ဆက်လက် ပူးပေါင်းရန် ထောက်ခံ ခဲ့ခြင်းကြောင့် စကော့တလန် မှာ ခွဲထွက် နိုင်ခဲ့ခြင်း မရှိပေ။

သို့ရာတွင် ယင်း အခြေအနေ ကို ပြောင်းပြန်ရလဒ် အဖြစ် ပြောင်းလဲပစ်ရန် စကော့တလန် အစိုးရက ကြိုးပမ်းလျက် ရှိနေသော ကြောင့် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အနေဖြင့် ခွဲထွက်ရေး ပြဿနာများ အပြင် အစိုးရအတွင်း ဖြစ်ပွားနေသည့် ကွဲပြားမှုများပါ ရင်ဆိုင်တွေ့ကြုံ နေရသည်။ ယင်းအခြေအနေ များသည် Brexit မှထွက်ပေါ် လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဟု ဆိုလျှင် ရနိုင်ပေသည်။

ထို့ပြင် အီးယူသည် ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက် အဖွဲ့ကြီး ဖြစ်သည့် အတွက် အီးယူမှ ယင်းနိုင်ငံက ခွဲထွက် ခဲ့ခြင်းသည် ၄င်းတို့အကြား အနာဂတ် ဆက်ဆံရေးမှာ ယခင်က ကဲ့သို့ လွယ်ကူ ဖြောင့်ဖြူးမည့် အလားအလာ မရှိသည့်အပြင် ဗြိတိန်နိုင်ငံ၏ စီးပွားရေး ဈေးကွက် အပေါ် လပေါင်း အတော်ကြာ ကျရောက် လာနိုင်ဖွယ် ရှိသည့် အပျက်သဘော ဆောင်သော နောက်ဆက်တွဲ များကို တွေ့ကြုံရဖွယ် ရှိသည်။

အလားတူ Brexit ကြောင့် ဗြိတိန်နိုင်ငံ ၏ စီးပွားရေးမှာ ၂ဝ၃ဝ ပြည့်နှစ် ခန့်တွင်  ၃ ဒသမ ၈ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ကျဆင်းနိုင်သည် ဟု ကျွမ်းကျင် သူများက သုံးသပ်ပြောကြား ထားကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Wednesday, November 18, 2015

အာဆီယံ နှင့် အီးယူ


အာဆီယံ နှင့် အီးယူ

အီးယူသည် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဟူ၍ အစိတ်အပိုင်း အားလုံးတွင် ပေါင်းစည်းသည့် အဆင့်မြင့် ဒေသဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။ အာဆီယံ သည်လည်း အီးယူကဲ့သို့ တစ်ခုတည်းသော ဒေသဆိုင်ရာ အဖွဲ့အစည်း ဖြစ်ရန် ကြိုစားလျက် ရှိသည်။

ကမ္ဘာအဝန်း လွှမ်းခြုံ ဆက်နွှယ်သည့် ခေတ်တွင် ထုတ်လုပ်မှုသည် တစ်နိုင်ငံတည်းမှ အစအဆုံး ထုတ်လုပ်သည် မဟုတ်ဘဲ နိုင်ငံအများ စုပေါင်း ထုတ်လုပ်သည့် စနစ် ဖြစ်လာသည်။ ယခုခေတ် စမတ်ဖုန်းခေါ် လက်ကိုင်ဖုန်း တစ်လုံးကို နိုင်ငံ ၄ဝ ကျော်မှ စုပေါင်း ထုတ်လုပ်သည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ကမ္ဘာ့ထုတ်လုပ်မှု စနစ်တွင် ပါဝင်လာ နိုင်အောင် ကြိုးစား ကြသည်။

အာဆီယံ သည်လည်း ကမ္ဘာ့ ထုတ်လုပ်မှုစနစ် (Global Supply Chain) တွင် ပါဝင်နိုင်အောင် ကမ္ဘာ့ ထုတ်လုပ်မှု၏ အခြေခံအဖြစ် ကြိုးပမ်းလျက် ရှိသည်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဆီယံသည် တစ်ခုတည်းသော အာဆီယံ အသိုက်အဝန်း ဖြစ်လာတော့မည် ဖြစ်သည်။

ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန် အာဆီယံသည် ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ချုပ်ဆို ထားသည်။ ဤစာချုပ်အရ တစ်နိုင်ငံ၏ ပြည်တွင်းရေး ကို တစ်ဦးက ဝင်ရောက် စွက်ဖက်ခြင်း မပြုရ၊ အင်အား အသုံးပြုခြင်း၊ အင်အားသုံးရန် ခြိမ်းခြောက်ခြင်း မပြုရ၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားရမည် ဖြစ်သည်။

အာဆီယံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လွတ်လပ်စွာ ကုန်စည်စီးဆင်းမှု၊ အရင်းအနှီးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြောင်းရွှေ့ ခွင့်ပြုမှုကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်စည်နှင့် အရင်းအနှီးများ ရွှေ့ပြောင်း လုပ်ကိုင် လာနိုင်မည် ဖြစ်သည်။ ကျွမ်းကျင် လုပ်သားများကို လွတ်လပ်စွာ သွားလာခွင့်ပြု သည့်အတွက် မြန်မာနိုင်ငံမှ ကျွမ်းကျင်သူ များသည် အာဆီယံ နိုင်ငံများတွင် လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင် လာနိုင်မည် ဖြစ်သည်။

အာဆီယံသည် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ ပြောသောစကား၊ လူမျိုးစုများ ကွဲပြားသည့် အသိုက်အဝန်း ဖြစ်သည်။ ထိုသို့ ကွဲပြားမှုသည် ပြန့်ကျဲမှုကို ဖြစ်စေသည်။ ကွဲပြားမှုမှသည် စုစည်းမှုကို ဦးတည်လျက် ရှိပြီး တစ်ဦးကိုတစ်ဦး စောင့်ရှောက် တတ်သည့် အသိုက်အဝန်း အဖြစ်ဖော် ဆောင်လျက်ရှိသည်။ အာဆီယံသည် အာရှနိုင်ငံများ ဖြစ်သည့် အားလျော်စွာ မိသားစုကို တန်ဖိုးထားသည်။ တစ်ဦးချင်းထက် အသိုင်းအဝိုင်းကို ဦးစားပေးသည်။ တစ်ဦးစီ၏ ကွဲပြား ခြားနားမှုကို လေးစားသည်။ အသိအမှတ် ပြုသည်၊ နားလည် သဘောပေါက်သည်။ ထိုသို့ လေးစား အသိအမှတ် ပြုမှု၊ နားလည် သဘောပေါက်မှု များသည် အာဆီယံ စည်းလုံးမှု၏ ခွန်အားပင် ဖြစ်သည်။

အာဆီယံသည် တစ်နိုင်ငံချင်း ကြိုးပမ်းမှု များမှတစ်ဆင့် အာဆီယံ အသိုက်အဝန်း ကြီးပွား တိုးတက်မှုကို အထောက်အကူ ပြုသည်။ အာဆီယံသည် အီးယူကဲ့သို့ အဆင့်မြင့် စည်းမျဉ်း၊ စည်းကမ်းများကို အခြေခံသော၊ တင်းကျပ်သော ပေါင်းစည်းမှု မဟုတ်ဘဲ တူညီဆန္ဒပြုမှု၊ တိုင်ပင် ဆွေးနွေးမှု၊ တိုးလွယ် လျော့လွယ်ရှိမှု၊ ပြန်လည် ရှင်သန်နိုင်မှု စသည့်အချက်များ အပေါ်အခြေခံသည်။ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အ၀န်း ဖြစ်ပေါ်လာချိန် တွင် အာဆီယံ မှ အကျိုးကျေးဇူး များကို အာဆီယံ နိုင်ငံသားများ ပိုမိုခံစား လာနိုင်မည် ဖြစ်သည်။

အာဆီယံနှင့် အီးယူနှိုင်းယှဉ် ပါက လူဦးရေအားဖြင့် ကွာခြားမှု မရှိလှပေ။ အီးယူသည် လူဦးရေသန်း ၅ဝဝ ရှိသော အဖွဲ့အစည်း ဖြစ်ပြီး အာဆီယံသည် လူဦးရေသန်း ၆ဝဝ ကျော်ရှိသော အဖွဲ့အစည်း ဖြစ်သည်။ သို့သော် တစ်ဦးချင်း ဝင်ငွေ နှိုင်းယှဉ်လျှင် အီးယူနိုင်ငံ များ၏ ပျမ်းမျှတစ်ဦး တစ်နှစ် ဝင်ငွေသည် အာဆီယံနိုင်ငံ များ၏ ပျမ်းမျှတစ်ဦး တစ်နှစ် ဝင်ငွေထက် ၁ဝ ဆသာသည် ကိုတွေ့ရသည်။ သို့ဖြစ်ရာ အာဆီယံသည် အီးယူကဲ့သို့ ကြိုးစားနိုင်လျှင် အာဆီယံနိုင်ငံ အတွင်း ပျမ်းမျှဝင်ငွေ များလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...