Social Icons

Pages

Featured Posts

http://myawady-myawady.blogspot.com/ . . . http://facebook.com/themyawadydaily . . . https://twitter.com/themaywadydaily

Friday, February 15, 2019

မုံရွာမြို့နယ်၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

မုံရွာမြို့နယ်၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
-
မုံရွာ ဖေဖော်ဝါရီ  ၁၄ 
-
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ် လယ်တော်ကျေးရွာ၌ ယမန်နေ့ နံနက် ၇ နာရီတွင် ကျေးရွာတွင်း ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ မုံရွာခရိုင်နှင့် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ဦးစီးမှူးများက ကွန်ကရစ်လမ်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 
-
ထို့နောက် မုံရွာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ဒန်းပင်တဲ(ရွာသစ်)၊ ပုရစ်ကုန်း(မြောက်)နှင့်လယ်တော်ကျေးရွာတို့၌ နိုင်ငံတော်က ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မှထောက်ပံ့ သောငွေနှင့် ကျေးရွာနေပြည်သူများစုပေါင်းထည့်ဝင်ငွေများဖြင့်ကွန်ကရစ်လမ်းအရှည်  ၅၁၅၇  ပေကို ခင်းကျင်း ပြီးစီးမှုနှင့်စပ်လျဉ်း၍ ပြောသည်။ 
-
အဆိုပါလမ်းကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမှ  ထောက်ပံ့ငွေကျပ် ၁ဝ သန်းနှင့်  ကျေးရွာနေပြည်သူများစု ပေါင်းထည့်ဝင် ငွေကျပ် ၉ ဒသမ ၁၅ သန်း စုစုပေါင်းငွေကျပ်၁၉ ဒသမ ၁၅ သန်းဖြင့် အရှည် ၁၅၅၇ ပေ၊လမ်းအကျယ် ၁ဝ ပေရှိ ကွန်ကရစ် လမ်းကို ခင်းကျင်းခြင်းဖြစ်သည်။ မုံရွာမြို့နယ်အတွင်းရှိ ဒန်းပင်တဲ (ရွာသစ်)၌ ၂ဝ၁၈ ခုနှစ် ခြောက်လဘတ်ဂျက်ကာလအတွင်းလမ်းအရှည် ပေ ၁၃ဝဝ ကိုလည်းကောင်း၊ ပုရစ်ကုန်း (မြောက်)ကျေးရွာ၌ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လမ်းအရှည်ပေ  ၂၃ဝဝ ကိုလည်းကောင်း၊ လယ်တော် ကျေးရွာ၌ လမ်းအရှည် ၁၅၅၇ ပေ စုစုပေါင်း၅၁၅၇ ပေကို လည်းကောင်း  နိုင်ငံတော်မှချမှတ် အကောင်အထည်ဖော်ဆောင်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမှ ထောက်ပံ့သောငွေနှင့် ကျေးရွာနေ ပြည်သူ များ စုပေါင်း ထည့်ဝင်ငွေများဖြင့် ခင်းကျင်း ပြီးစီးကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ နေပြည်တော်အတွင်း လေ့လာရေး ခရီးစဉ် စတင်

တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ နေပြည်တော်အတွင်း လေ့လာရေး ခရီးစဉ် စတင်
-
နေပြည်တော်  ဖေဖော်ဝါရီ   ၁၄ 
-
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသည် နေပြည်တော်အတွင်း ပထမနေ့ လေ့လာရေး ခရီးစဉ် အဖြစ်ယနေ့ညနေပိုင်းတွင်  နေပြည်တော် ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။ 
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ  အဖွဲ့ဝင် ၄၄ ဦး၊  ရခိုင်ပြည်နယ်မှ အဖွဲ့ဝင် ၄၇ ဦးတို့ပါဝင်ကြပြီးထိုသို့လေ့လာရာတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ 
-
တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ လေ့လာရေးခရီးစဉ်ကို တိုင်းရင်းသား အချင်းချင်း  ရင်းရင်းနှီးနှီး တွေ့ဆုံကာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုတစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ 
-
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များ၏ လေ့လာရေး ခရီးစဉ်သည် လေးရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်ရှိ ဗုဒ္ဓဂယာနှင့်ဥပ္ပါတသန္တိစေတီတော်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်၊ အမျိုးသားပြတိုက်၊ ကျောက်မျက် ရတနာပြတိုက်၊ ငလိုက်ဆည်ဆင်စခန်းနှင့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ့ပရိဘောဂ ထုတ်လုပ်ရောင်းချမှု ကဏ္ဍမြှင့်တင်နိုင်ရန် ပရိဘောဂပြပွဲ ကျင်းပ

မြန်မာ့ပရိဘောဂ ထုတ်လုပ်ရောင်းချမှု ကဏ္ဍမြှင့်တင်နိုင်ရန် ပရိဘောဂပြပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၄ 
-
မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့  ပူးပေါင်းကျင်းပသည့် Myanmar International Furniture Expo-2019 နှင့်  ပရိဘောဂပြပွဲကို ယနေ့တွင်ရန်ကုန် တိုင်းဒေသကြီး  ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။ 
-
''ပရိဘောဂဖြစ်တဲ့အတွက် နေ့စဉ်မဖြစ်မနေသုံးရတဲ့ ပစ္စည်းတွေရဲ့ ရောင်းအားနဲ့ တော့မတူဘူး။ အခုလိုပြပွဲတွေလုပ်တော့ ပြပွဲမှာလာကြည့်ကြတဲ့သူတွေက လိပ်စာတွေ ယူသွားကြတယ်။သူတို့ရဲ့မိသားစုပဲဖြစ်ဖြစ်၊ မိတ်ဆွေ ပဲဖြစ်ဖြစ် ပရိဘောဂလိုအပ်ရင် လာဝယ်ကြတယ်။  ပြပွဲကနေ ရောင်းအားကတော့ တက်လာပါတယ်'' ဟု ပရိဘောဂ အရောင်းပြခန်းမန်နေဂျာ  မယမင်းထက် ကပြောသည်။
-
ယင်းပြပွဲကို မြန်မာ့ပရိဘောဂ ထုတ်လုပ်ရောင်းချမှု ကဏ္ဍမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ  ၁၄ ရက်မှ  ၁၇ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပလျက်ရှိပြီး ပြပွဲ၌ ကုမ္ပဏီ ၄၈ ခုမှ ပြခန်းပေါင်း ၁၆၉ ခန်း ပါဝင်ကာ ကြိမ်၊ ဝါး၊ ကျွန်း၊ သစ်၊ အိမ်တွင်းအလှဆင် ကြွေဖန်ခွက်များ၊ စပရိန်မွေ့ရာများ၊ ဆက်တီခုံများ၊ ဝိုင်နှင့် ကော်ဖီမှုန့် စသည်တို့ကို ပြသရောင်းချလျက်ရှိကြောင်း သိရသည်။ 
-
အဆိုပါပြပွဲကိုသယံဇာတကုန်ကြမ်း အားပြုသော စီးပွားရေးမှ တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်ခြင်းသို့ ကူးပြောင်းနိုင်ရန်၊အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ဖော်ထုတ်နိုင်စေရန်၊ ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် အထောက် အကူ ပြုနိုင်ရန်၊ ပြည်ပသွင်းကုန် အားပြုနေသောအနေအထားမှ ပြည်တွင်း၌   ထုတ်လုပ်နိုင်စေရန်၊ကုန်ကြမ်းတန်ဖိုးထက် ဒီဇိုင်းတန်ဖိုးပိုသည့် Value Added ပရိဘောဂထုတ်လုပ်သူများပိုမိုပေါ်ထွက်လာစေရန်၊ ပြည်တွင်းဈေးကွက်ကို အားပြုနေသည့် ပရိဘောဂ ဈေးကွက်ထက် နိုင်ငံတကာအဆင့်မီ ပရိဘောဂပြပွဲအဆင့် ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ချိတ်ဆက်ပြီးနည်းပညာနှင့် လုပ်ထုံးလုပ်နည်းစနစ်များ တိုးတက်လာရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရော်ဘာဥပဒေ ထွက်ပေါ်လာပါက ပြည်တွင်း ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုး လာနိုင်

ရော်ဘာဥပဒေ ထွက်ပေါ်လာပါက ပြည်တွင်း ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုး လာနိုင်
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၄ 
-
မြန်မာနိုင်ငံ  ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MRPPA) နှင့် တာဝန်ရှိသူများ   ပူးပေါင်းရေးဆွဲခဲ့သည့်  ရော်ဘာ ဥပဒေမူကြမ်းကို လက်ရှိတွင် ပြန်လည်ပြင်ဆင်လျက်ရှိရာ အဆိုပါရော်ဘာ ဥပဒေ ထွက်ပေါ် လာပါက ရော်ဘာကဏ္ဍ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း MRPPA အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ထံမှ သိရသည်။ 
-
''မူကြမ်းတွေရေးဆွဲပြီးလို့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေကိုချပြပြီးပြီ။ ချပြပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီး မှာရှိတဲ့ ရော်ဘာကဏ္ဍက ရော်ဘာ လုပ်ငန်းရှင်တွေရဲ့Feedback တွေလည်း  အကုန်လုံး ပြန်ယူပြီးပြီ။ အဲဒီ Feedback တွေကို Review ပြန်လုပ်ပြီးတော့ လွှတ်တော်ကို တင်ပြသွား မှာပါ''ဟု ဦးခိုင်မြင့်က ပြောသည်။ လက်ရှိရေးဆွဲထားသည့် ရော်ဘာ ဥပဒေမူကြမ်းတွင် ရော်ဘာကဏ္ဍကို အကျိုးမပြုသည့် အချက်အလက်များ ပါရှိနေသည့် အတွက် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကာ ယခင်ရေးဆွဲခဲ့သည့် အသင်းနှင့် သက်ဆိုင်ရာ ဌာနများမှ  ဆက်လက် ပြင်ဆင် ရေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
-
''မဖြစ်နိုင်တဲ့ အချက်တွေကိုပြန်ပြီးတော့ ပြင်ဆင်မှာပါ။ ပြင်ပြီးတဲ့အခါ အဲဒါကို ပြန်လည်ချပြရဦးမှာပါ။  ဘာလို့လဲ ဆိုတော့ အများသဘောတူပြီးတော့ ကိုယ့်ရော်ဘာ ကဏ္ဍကောင်းဖို့နဲ့  ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဥပဒေတစ်ခုကို ခိုင်ခိုင်မာမာ ရေးဆွဲပြီးတော့မှ လွှတ်တော်ကို တင်တာ အကောင်းဆုံးပါ''ဟု ဦးခိုင်မြင့်က ပြောသည်။ 
-
ယင်းရော်ဘာ ဥပဒေမူကြမ်း ပေါ်ပေါက်လာပါက ရော်ဘာစီးတီးကဲ့သို့ ရော်ဘာနှင့် ပတ်သက်သည့် အရေးကြီး ကိစ္စရပ်များ ပေါ်ပေါက်လာရန် ပိုမို လွယ်ကူနိုင်မည် ဖြစ်ကြောင်း၊ ရော်ဘာဥပဒေကို အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာ ရည်မှန်းချက်ဖြင့် ရေးဆွဲ နေခြင်းဖြစ်ပြီး ယင်းဥပဒေတွင် ရော်ဘာဗဟို ဈေးကွက် ထိန်းညှိရန် ဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့အထိလုပ်ငန်း အဆင့်ဆင့် ပါဝင်ကြောင်း သိရသည်။  
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲ တစ်လကြာ ကျင်းပမည်

ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲ တစ်လကြာ ကျင်းပမည်
-
ငပုတော ဖေဖော်ဝါရီ  ၁၄ 
-
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကိုတပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂ဝ ရက်အထိ တစ်လကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
-
ယင်းဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးခရီးသွား ပြည်သူများ အနေဖြင့်သွားလာမှုလွယ်ကူစေရန် အတွက်ရန်ကုန်မြို့  မော်တင်ဆိပ်ကမ်းနှင့် ဘုန်းကြီးလမ်းဆိပ်ကမ်းတို့မှလုံခြုံစိတ်ချရသည့် ကမ်းရိုးတန်းသွား ရေယာဉ်များ စီစဉ်ဆောင်ရွက် ပေးထားသည့်အပြင် စင်းလုံးငှား မှန်လုံမော်တော်ယာဉ်များဖြင့် စေတီတော်တည်ရှိရာ တောင်ခြေအထိ သွားလာဖူးမြော်နိုင်အောင် စီစဉ်ပေးထားသည်။
-
ဘုရားဖူးဧည့်သည်တော်များ အဆင်ပြေစွာ တည်းခိုနိုင်ရန်အတွက် ပွဲတော်ကာလအတွင်း အခမဲ့တည်းခိုဆောင်တစ်ခု စီစဉ်ပေးထားကာ ရင်ပြင်တော်ပေါ်တွင် ညအိပ်မည့်သူများ အတွက် ဖျာများကို အခမဲ့ငှားရမ်း ပေးသွားမည့် အပြင်ဟိုတယ်နှင့်တည်းခိုခန်းများတွင် တည်းခိုလိုသူ ဘုရားဖူးပြည်သူများအတွက်လည်း စေတီတော်ကြီး၏ အရပ်လေးမျက်နှာတွင် ဟိုတယ်နှင့် တည်းခိုခန်းများကိုထပ်မံဖွင့်လှစ်ပေးထားလျက်ရှသည်။ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်နိုင်ရုံသာမက ငွေတောင်ကမ်းခြေသို့ သွားရောက်ကာ အပန်းဖြေရေကူးခြင်း၊ ကမ်းခြေ၏သဘာဝအလှများကိုကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးလင်းပြီ

မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးလင်းပြီ
-
မိတ္ထီလာ  ဖေဖော်ဝါရီ  ၁၄ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်း ကျေးရွာအုပ်စု ဒီးဒုတ်တောင် ကျေးရွာ၌ ဆိုလာစနစ်သုံး အသေးစား လျှပ်စစ်ဓာတ်အားလိုင်း စနစ်ဖြင့် ၂၄ နာရီ  မီးလင်းပြီဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။ 
-
မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးရွာများ၏ မီးလင်းရေးစနစ်ကို အကြို လျှပ်စစ်မီးရရှိရေးနှင့် ပြည်သူအချိုးကျ ထည့်ဝင်သည့်စနစ်ဖြင့် ပိုမိုကောင်းမွန်သည့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရန်၊ အစိုးရ၊ပြည်သူလူထုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၆ဝ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၂ဝ ရာခိုင်နှုန်း၊ ပြည်သူလူထုက ၂ဝ ရာခိုင်နှုန်း ထည့်ဝင်ငွေများဖြင့် ဆိုလာစနစ်သုံး အသေးစား လျှပ်စစ်ဓာတ်အားလိုင်းစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းကို  Mandalay YomaCo., Ltd.မှ  တာဝန်ယူ၍ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဆိုလာစနစ်သုံး အသေးစား ဓာတ်အားလိုင်းစနစ် (Solar Mini.Grid 55 KWp)ကို ၂ဝ၁၈ ခုနှစ် ဧပြီ ၂၄ ရက်မှစတင်ကာ အိမ်ခြေ ၁၇၄ အိမ် လူဦးရေ ၉၉၃ ဦးရှိသည့် ဒီးဒုတ်တောင် ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၂၆ အိမ်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး စတင်သုံးစွဲလျက်ရှိသည်။ 
-
အဆိုပါဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်တောင်ကျေးရွာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် တာဝန်ရှိသူများက ဆိုလာစနစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာမီးလင်းရေး လုပ်ငန်းနှင့် ကျန်ရှိသည့် အိမ်ခြေများမီးလင်းနိုင်ရေး  လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

နန်ကသူဆည်ရေဖြင့် နွေစပါးများကို ယခင်နှစ်များထက် အောင်မြင်စွာ စိုက်ပျိုးလျက်ရှိ

နန်ကသူဆည်ရေဖြင့် နွေစပါးများကို ယခင်နှစ်များထက် အောင်မြင်စွာ စိုက်ပျိုးလျက်ရှိ
-
အင်္ဂပူ  ဖေဖော်ဝါရီ  ၁၄ 
-
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌  နန်ကသူရေလှောင်တမံမှ နန်ကသူဆည်ရေဖြင့် နွေစပါး ဧက  ၅၂ဝဝ ကို စိုက်ပျိုးရန်လျာထားပြီး ကွင်းကောက် ဒေသအတွင်းရှိ ကျေးရွာအုပ်စု ၁၄ အုပ်စုရှိ စိုက်ပျိုးမြေများ အတွက်    စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။ 
-
နန်ကသူရေလှောင်တမံမှ တူးမြောင်းမကြီး အလျား၂၃၃ မိုင်၊ လက်ယာမြောင်း အလျား ၅ ဒသမ ၁၁ မိုင်၊ လက်ဝဲမြောင်း အလျား ၇ ဒသမ ၅၇ မိုင်၊ လက်တံမြောင်းခွဲများဖြင့် ဒီဇင်ဘာ၂၅ ရက်မှစတင်ပြီးစိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်းနှင့် ယခုနှစ်နွေစပါး စိုက်ပျိုးရာသီအမီ တူးမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ နွေစပါးစိုက်ပျိုးရေ လုံလောက်အောင်  ရရှိရေးတို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက မြောင်းပေါင်များ ပြုပြင်ခြင်းနှင့် ရေပေးအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စက်အင်အား၊လူအင်အားများ အသုံးပြုကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။ 
-
ယခင်နှစ်က နွေစပါး စိုက်ပျိုးရာသီတွင် လျာထားဧက ၅၂ဝဝ ထက်ကျော်လွန်ပြီး ၅၉၄၈ ဧကအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ်တွင်လည်းတောင်သူများအနေဖြင့် နွေစပါး စိုက်ပျိုးရာသီတွင်ယခင်နှစ်များထက် နွေစပါး စိုက်ပျိုးဧကများ ပိုမိုစိုက်ပျိုးလာနိုင်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၄ 
-
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့မွန်းတည့် ၁၂ နာရီခန့်၌ လွယ်ဂျယ်ဘက်မှမြစ်ကြီးနားဘက်သို့ ဦးနေဝင်းအောင်(ဘ) ဦးအေးဆောင် မောင်းနှင်ပြီး ဒေါ်တင်တင်ဝင်း(ဘ)ဦးလွန်းမောင် လိုက်ပါလာသည့် NOAH အမျိုးအစား ယာဉ်အမှတ်၊ 7N/--အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ဒေါ်တင်တင်ဝင်း၏ အစိမ်း ရောင် ပလတ်စတစ်လက်ဆွဲခြင်းနှင့် ၎င်း၏ အင်္ကျီအတွင်း ဝှက်၍သယ်ဆောင်လာသော ၁၁ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ငါးခွက် (စုစုပေါင်း ၅၅ ဂရမ်ခန့်) (ခန့်မှန်းတန်ဖိုး ငွေကျပ်၅၅ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့်မူးယစ်ဆေးဝါးများအား မိုးမောက် မြို့နယ်ရဲစခန်းသို့စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Related Posts Plugin for WordPress, Blogger...