-
ရန်ကုန် ဖေဖော်ဝါရီ ၂၁
-
ပြည်တွင်းရှိ စိန်တစ်လုံးသရက်၊ နှမ်း၊ မိကျောင်းကွမ်းဖတ်၊ ရော်ဘာ၊ ကြိမ်နှင့် ဝါးများဖြန့်ဖြူး ရောင်းချလျက်ရှိသည့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်ရန် တရုတ်(တိုင်ပေ)မှ ကမ်းလှမ်း လာသဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနခွဲမှူး ဒေါ်အိအိခိုင်ထံမှသိရသည်။ ''တရုတ်(တိုင်ပေ)ကနေ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေကို ပထမဆုံး ဖိတ်ခေါ်တာပါ။ ဒီအစီအစဉ်ကို တက်ရောက်ဖို့ အများဆုံး လူဦးရေ ၁၂ ဦးလောက်အထိ လက်ခံဆောင်ရွက်ပေးမှာပါ'' ဟု ဒေါ်အိအိခိုင် ကပြောသည်။
-
Myanmar Taiwan Business Match-ing & Visit Trip ကို မတ် ၂၇ ရက်မှ ၃၁ ရက်အထိ တရုတ် (တိုင်ပေ)၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံမှ စိန်တစ်လုံးသရက်၊ နှမ်း၊ မိကျောင်းကွမ်းဖတ်၊ ရော်ဘာ၊ကြိမ်နှင့်ဝါးများကိုဖြန့်ဖြူးရောင်းချလျက်ရှိသည့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်လိုသဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
-
အဆိုပါအစီအစဉ်သို့ သွားရောက်လိုသည့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်ခကိုသာအကုန်အကျခံရမည်ဖြစ်ပြီး တည်းခိုစရိတ်နှင့် စားသောက်စရိတ်တို့ကို တရုတ် (တိုင်ပေ) မှ အကုန်အကျခံမည်ဖြစ်သည်။
-
Myanmar Taiwan Business Match-ing & Visit Trip သို့ တက်ရောက်လိုသည့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်ဖေဖော်ဝါရီ၂၈ ရက် နောက်ဆုံးထား၍ဖုန်း-ဝ၉-၄၂၃၇၂၁၅၉ဝ နှင့် ဝ၉-၅ဝ၃၄၄၉၉ တို့သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ စာရင်းပေးသွင်းထားသည့် လုပ်ငန်းရှင်များသည် မတ် ၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၅၃)မင်းဓမ္မလမ်းနှင့်ကျိုက်ဝိုင်းဘုရား လမ်းထောင့်ရှိ SME Center သို့ လာရောက်ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment