Social Icons

Pages

Monday, January 7, 2019

YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ကတ်စနစ် အသုံးပြုမည်ဖြစ်သော်လည်း ပိုက်ဆံထည့်သော ပုံးစနစ်ကို ဖျက်သိမ်းမည် မဟုတ်

YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ကတ်စနစ် အသုံးပြုမည်ဖြစ်သော်လည်း ပိုက်ဆံထည့်သော ပုံးစနစ်ကို ဖျက်သိမ်းမည် မဟုတ်
-
ရန်ကုန်   ဇန်နဝါရီ   ၆ 
-
YBS ယာဉ်လိုင်းများ၌   ယာဉ်စီးခ ပေးချေရာတွင် ကတ်စနစ်ကို အသုံးပြုမည် ဖြစ်သော်လည်း လက်ရှိအသုံးပြုနေသည့် ပုံးထဲသို့ ပိုက်ဆံထည့်သည့်စနစ်ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး  ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ''ကတ်စနစ်ကို စပြီးသုံးစွဲပေမယ့် အနည်းဆုံး အချိန်ကာလ တစ်ခုလောက်တော့ သတ်မှတ်ပြီး လက်ရှိအသုံးပြုနေတဲ့  ပုံးထဲပိုက်ဆံထည့်တဲ့စနစ်ကို ထားပေးဦးမှာပါ။ ကတ်တွေကိုတော့ ဘတ်စကား မှတ်တိုင်တိုင်းမှာ ရောင်းပေးနိုင်အောင် စီစဉ်ထားပါတယ်။ ကတ်ထဲ ငွေဖြည့်တာကို ခရီးသည်တွေ ကိုယ်တိုင် လိုသလောက်ဖြည့်ပြီး သုံးစွဲနိုင်မှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။ 
-
ထို့ပြင်  ကတ်စနစ် စတင်သုံးစွဲရာတွင် အသုံးပြုပုံ နည်းစနစ်များအတွက် ပညာပေး ကာလကဲ့သို့ ကာလတစ်ခုသတ်မှတ်ကာ ယာဉ်ပေါ်၌ ပြသမည့်အပြင်  လုပ်ဆောင်ပုံ အဆင့်ဆင့်များ ရေးသားထားသည့် ပညာပေး စာစောင် များကိုလည်း   ယာဉ်ပေါ်နှင့် မှတ်တိုင်များ၌ ကပ်ထားပေးမည်ဖြစ်သည်။ ရန်ကုန်မြို့၌   ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးချေမှုကို ကတ်စနစ်ဖြင့် အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီက တင်ဒါတင်သွင်းကြသော ကုမ္ပဏီများ၏ အဆိုပြုချက်များအား အချက်အလက်၊ နည်းပညာ၊ ကိန်းဂဏန်း၊ ဗျူဟာနှင့် အစီအစဉ်များ စိစစ်ရွေးချယ်ခဲ့ပြီး  တင်ဒါတင်သွင်းကြသော ကုမ္ပဏီများအနေဖြင့် စီးပွားရေး၊ ငွေကြေး၊ နည်းပညာ၊ လုပ်ငန်းလည်ပတ်မှုတို့ကို ရှုထောင့် အသီးသီးမှ သုံးသပ်၍ အဆိုပြုလွှာများအား အဆင့် သတ်မှတ်ခဲ့သည်။
-
ယခုအခါ  Asia  Starmar ကုမ္ပဏီကို ရွေးချယ်ထားပြီး  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိသည်နှင့် ယာဉ်လိုင်းများ၌ ကတ်စနစ် အသုံးပြုနိုင်ရန် ခြောက်လအတွင်း   အပြီးတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...