Social Icons

Pages

Monday, January 7, 2019

ငါးကြီးကွေ့-ဆွာရွာမလမ်းပိုင်း၌ စစ်တောင်းမြစ်ကူးတံတား တစ်စင်း ထပ်မံ တည်ဆောက်ပေးမည်

ငါးကြီးကွေ့-ဆွာရွာမလမ်းပိုင်း၌ စစ်တောင်းမြစ်ကူးတံတား တစ်စင်း ထပ်မံ တည်ဆောက်ပေးမည်
-
ရေတာရှည် ဇန်နဝါရီ  ၆ 
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်သည် မြောက်မှတောင်သို့စီးဆင်းလျက်ရှိရာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဒေသတွင် မှီတင်းနေထိုင်လျက်ရှိသူတို့ အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု များဖြစ်ပေါ်သဖြင့် ဆွာမြို့နှင့် ဆက်သွယ်သွားလာနိုင်သော ငါးကြီးကွေ့-ဆွာရွာမလမ်းပိုင်း၌ စစ်တောင်းမြစ်ကူး တံတားတစ်စင်း ထပ်မံတည်ဆောက်ပေးမည် ဖြစ်ကြောင်းသိရသည်။ 
-
''ဇန်နဝါရီ ၁ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းအထိ ရောက်လာပြီး ဒေသခံပြည်သူတွေနဲ့ တွေ့တယ်။ ဒေသတွင်း အခက်အခဲရှိတာတွေကို တင်ပြခိုင်းတော့ လမ်းပိုင်းတွေ ရာသီမရွေးသွားလာနိုင်ဖို့ မြစ်ကူးတံတား တည်ဆောက်နိုင်ရေးတွေကိုတင်ပြတဲ့အခါမှာ  ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်မှာ တည်ဆောက်ပေးမယ် ဆိုတော့ အားလုံးဝမ်းသာရပါတယ်'' ဟု ပိတောက်ကုန်းကျေးရွာအုပ်စုရွာသစ်ကျေးရွာနေသူ တစ်ဦးက ပြောသည်။ 
-
ပိတောက်ကုန်းကျေးရွာအုပ်စု၊  ခင်တန်းကြီးကျေးရွာအုပ်စု၊ နဂျပ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း များစွာသည် ယခုလမ်းပိုင်းမှပင် နေ့စဉ် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊  ပညာရေးကိစ္စရပ်များဖြင့်သွားလာလျက်ရှိကြပြီး မြစ်ကူး ကူးတို့မှသာ သွားလာကြရသည့်အတွက် စောင့်ဆိုင်းရသည့်အချိန်၊ ငွေကြေးကုန်ကျမှုများ ရှိသည့်အပြင်ညပိုင်းကျန်းမာရေး မကောင်းသည့်အခါ ဆေးရုံ၊ ဆေးခန်းသို့ သွားလာကြရာ၌ အခက်အခဲများစွာ ကြုံတွေ့နေကြ ရခြင်းဖြစ်သည်။ 
-
''၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ်မှာ တံတားတည်ဆောက်ဖို့   လုပ်ငန်းတွေစတင်မယ်။ အခုမြစ်ကူး ကူးတို့နေရာကနေ အထက်ဘက် နည်းနည်းကျမယ်။ အခုနေရာက ကမ်းစားတာတွေလည်း ရှိတယ်''ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ 
-
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသ ကျေးရွာဖြစ်သော ခင်တန်းကြီး၊ ကျိပ္ပတီး၊ ဆွာရွာမ၊ ပိတောက်ကုန်း၊ ကျွန်းကုန်း၊ နဂျပ်၊ ရွာသစ်၊ ကူးတို့ဆိပ်၊ မြောင်းတူး အစရှိသော ဒေသခံများသည် ဆွာမြို့သို့သွားရောက်သည့်အခါ ဆွာရွာမကျေးရွာချင်း ဆက်လမ်းမှ စစ်တောင်းမြစ်ကိုဖြတ်ကူး၍  ငါးကြီးကွေ့မှ တစ်ဆင့် ဆွာမြို့သို့ သွားလာနေကြရပြီး စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ပြီးစီးသွားပါက နေ့ညအချိန်မရွေး သွားလာနိုင်တော့မည် ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဒေသတွင်း၌ များစွာ ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...